Monday, November 28, 2016

ပွင့်လင်းရာသီတွင် သေမင်းတမန် မီးရထားလမ်းပိုင်းပြတိုက်အား ပိုမိုလာရောက်လေ့လာ



Image may contain: 1 person , outdoor
သံဖြူဇရပ် နိုဝင်ဘာ ၂၇
ယခုအခါတွင် ပွင့်လင်းရာသီဝင်ရောက်လာပြီ ဖြစ်သောကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့၌ ဖွင့်လှစ်ပြသထားသော သေမင်းတမန် မီးရထားလမ်းပိုင်းပြတိုက် (The Death Railway Museum) တွင် လာရောက်လေ့လာကြသော ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သေမင်းတမန် မီးရထားလမ်းပိုင်း ပြတိုက်(The Death Railway Museum) သည် ရန်ကုန်-မြိတ် ကားလမ်းမကြီးနှင့် ရန်ကုန်-ရေး မီးရထားလမ်းဆုံရာဖြစ်သော သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာတွင် တည်ရှိပြီး ယခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သေမင်းတမန် မီးရထားလမ်းပိုင်းပြတိုက် (The Death Railway Museum) နှစ်ထပ်အဆောက်အအုံရှေ့ မုခ်ဦးအဝင်ဝ၌ သမိုင်းဝင် စစ်သုံ့ပန်း ချွေးတပ်သားများ၏ အရိုးပေါ်အရေတင် ပိန်ချုံးချည့်နဲ့စွာဖြင့် သံပေါက်ချွန်းများ၊ သံပေါက်တူးများကို ကိုင်ဆောင်ကာ ရထားလမ်းဖောက်လုပ်နေဟန်များ၊ ရင်နင့်ဖွယ်ရာရုပ်တုများကို ထုလုပ်ပြင်ဆင်ခြင်းများနှင့် ဗိသုကာလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ထားရှိသည်။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း၌လည်း သေမင်းတမန် မီးရထားလမ်းပိုင်းတွင် ပထမဆုံးပြေးဆွဲခဲ့သော ကျောက်မီးသွေးစွမ်းအင်သုံး C_0522 မီးရထား စက်ခေါင်းအမည်းကြီးသို့ လည်းကောင်း၊ မြန်မာ-ယိုးဒယား သေမင်းတမန်မီးရထား လမ်းပိုင်း စတင်ရာ အထိမ်းအမှတ်နေရာသို့လည်းကောင်း၊ ဆောက်လုပ်ဆဲ မီးရထားပြတိုက်သို့လည်းကောင်း နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် လှည့်လည်လေ့လာကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ပြတိုက်အား နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသလျက်ရှိပြီး (၇)နှစ်အောက်ကလေးများ၊ ရဟန်းသံဃာ တော်များနှင့် သီလရှင်များအား အခမဲ့ဝင်ခွင့် သတ်မှတ်ထားရှိကာ (၇)နှစ်အထက် ကလေးငယ်မှစ၍ တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၈ဝဝ နှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါမီးရထားပြတိုက်တွင် သမိုင်းရာဇဝင်တွင်ခဲ့သော မီးရထားလမ်းနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စစ်သုံ့ပန်း တို့၏ပုံရိပ်များအား ပန်းချီ၊ ပန်းပုနှင့် ၃ီ ဒီဇိုင်းပုံစံများဖြင့် လာရောက်ကြည့်ရှုခွင့်ရရှိကြမည်ဖြစ်သည်။
''ဂျပန်တွေဟာ ၁၉၄၂ ခုနှစ်မှာ မြန်မာနဲ့ယိုးဒယားကို ဆက်သွယ်နိုင်စေဖို့အတွက် ၁၇၅ မိုင်အရှည်ရှိတဲ့ မီးရထားလမ်း ကိုဖောက်လုပ်ပြီး အာရှစစ်မျက်နှာပြင်ကို ဖွင့်ခဲ့ကြပါတယ်။ အဲဒီ မီးရထားလမ်းကြီးဖောက်လုပ်ဖို့အတွက်ကို ဂျပန်တွေရဲ့စစ်ရှုံးနိုင်ငံတွေ၊ မဟာမိတ်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံအသီးသီးက ချွေးတပ်ဖွဲ့ဝင် ဦးရေ ၁၂ဝဝဝဝ ကျော်ဟာ မီးရထားလမ်းဖောက်ရင်းနဲ့တစ်မျိုး၊ တောထဲမှာ ကျားဆွဲခံရရင်းနဲ့တစ်မျိုး၊ အစာရေစာငတ်ပြတ်ရင်းနဲ့ တစ်မျိုး ရောဂါဝေဒနာတွေ ခံစားခဲ့ကြရပါတယ်။ ဒီလိုဂျပန်တွေရဲ့ ဝိုင်းနှိပ်စက်တာကို အမျိုးမျိုးခံစားခဲ့ကြရပြီး ရထားလမ်းပိုင်း ဇလီဖားတုံးနဲ့အမျှ အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရတဲ့ ရထားလမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ နိုင်ငံခြားသား စစ်သုံ့ပန်းတချို့ကို ဓနသဟာရစစ်သင်္ချိုင်းမှာ မြှုပ်နှံထားရှိပါတယ်''ဟု ပြတိုက်တွင်ထားရှိမည့် မှတ်တမ်းရာဇဝင်ပစ္စည်းများစုဆောင်း ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယခုအခါ ပွင့်လင်းရာသီဖြစ်လာပြီဖြစ်သောကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားပြည်သူများသည် မီးရထားပြတိုက်နှင့် သမိုင်းရာဇဝင်ဆက်စပ်နေသော သံဖြူဇရပ်မြို့ ပေါ်ရှိ ဓနသဟာရ စစ်သင်္ချိုင်းသို့လည်းကောင်း၊ ကျိုက္ခမီစက်စဲ ကမ်းခြေသို့လည်းကောင်း သွားလာမှုပိုမိုများပြားလာပြီဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment