Monday, November 28, 2016

အစဉ်အလာမပျက် ကျေးဇူးဆပ်



Image may contain: text
စာပေသည် လူမျိုး၏အသက်ဖြစ်သည်။ စာပေသည် နိုင်ငံ၏ မီးရှူးတန်ဆောင်ဖြစ်သည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသကဲ့သို့ စာပေ၏စွမ်းအားသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့ပါသည်။ ထိုစာပေကို စာဆိုအကျော်များက ခေတ်အဆက်ဆက် ရေးသီခြယ်ကုံး၍ နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ဖော်ဆောင်ပေးနိုင်သည့် စာပေသမိုင်းမှတ်တိုင်များ စိုက်ထူထားသည်။
စာပေသည် နိုင်ငံနှင့်လူမျိုး၏အဆင့်အတန်းကို မြင့်မားတိုးတက် စေပြီးနိုင်ငံနှင့်လူမျိုးအား ချစ်ခင်မြတ်နိုးလိုစိတ်တို့ကိုလည်း မြင့်မား တိုးတက်စေပါသည်။ စာပေသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို ထက်သန်စေပြီး လွတ်လပ်ရေးရယူလိုမှုနှင့် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းလိုစိတ်များကို ဖြစ်စေခဲ့ပါသည်။ ယဉ်ကျေးမှုထုံးတမ်းအစဉ် အလာနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များလည်း ဖြစ်ပေါ်စေပါသည်။
ထို့အပြင် ကောင်းမြတ်သောစိတ်ထားများဖြင့် လူတစ်ဦးချင်းစီအလိုက် လောကကိုစောင့်ရှောက်လိုစိတ်၊ မိမိကိုယ်ကို စောင့်ရှောက်လိုစိတ်များလည်း မြင့်မားတိုးတက်စေပါသည်။ စာပေမှပေးသောအသိ၊ စာပေမှရသောစွမ်းရည်တို့မှာ တန်ဖိုးကြီးမားလှပါသည်။ ထိုသို့များပြားလှသော စာပေစွမ်းပကားများကို ရှေးအဆက်ဆက် စာပေပညာရှင်ကြီးများ၏ မွန်မြတ်သောဆန္ဒနှင့် ပြည်သူများအပေါ်ထားရှိသည့် စေတနာများဖြင့် ပေးဆပ်ခဲ့ကြသည်မှာ မမေ့နိုင်ဖွယ်ဖြစ်ပါသည်။
ထိုသို့ ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိ၊ ပညာဝုဒ္ဓိ၊ သမ္ဘာဝုဒ္ဓိ၊ သိက္ခာဝုဒ္ဓိ ကြီးမားကုန်သော မြန်မာစာပေပညာရှိ၊ ကဝိအကျော် စာဆိုတော်တို့ကို အလေးအမြတ်ပြုသောအားဖြင့် ပူဇော်ကော်ရော်အမှုကို ပြုသည့်အချိန် အခါမှာ ယနေ့အချိန်အခါသမယ စာဆိုတော်လဟု ထင်ရှားသော နတ်တော်လပင်ဖြစ်ပေသည်။ ထိုလတွင် စာဆိုတော်ပွဲများ ဆင်ယင် ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၂) နှစ်မြောက် ရှိလာခဲ့ပြီဖြစ်သည်။
၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့သည် မြန်မာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ်ကျင်းပပေးသော စာဆိုတော်နေ့ဖြစ်သည်။ မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးက စစ်အတွင်းကာလပင်ဖြစ်သည့် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် ရှေးစာဆိုတော်ကြီးများအား ပထမအကြိမ် ဂုဏ်ပြုပူဇော်နိုင်ခဲ့သည်မှာ ရှေးစာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို ဆပ်ထိုက်သည့် ကောင်းမြတ်သည့်အစဉ်အလာထူးကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပေသည်။
ထိုကာလမှ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့သည်မှာ ယခုနှစ် တွင် (၇၂) ကြိမ် တိုင်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့အစပျိုးပေးခဲ့သော လက်ဦးဆရာများ၏ အမွေခံကောင်းများကို ဆက်ခံသောအားဖြင့်လည်းကောင်း၊ အစဉ်အဆက် နိုင်ငံနှင့်လူမျိုးကို စာပေနှင့်အကျိုးပြုခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများအား ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း ဤစာဆိုတော်နေ့တွင် ချီးကျူးဂုဏ်ပြုပူဇော်ခြင်းအား သာဓုခေါ်ဆိုရ မည်ဖြစ်သည်။
ပူဇာစ ပူဇနေယျာနံ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်းတွင် ကျေးဇူးရှင်စာပေပညာရှင်ကြီးများအား ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာ ပင်ဖြစ်သည်။ ထိုသို့ပူဇော်ကြရာတွင် သက်ရှိထင်ရှား သက်ကြီးစာပေ ပညာရှင်ကြီးများအား ပူဇော်ခြင်းသာမက ရှေးအစဉ်အဆက်မှ ကုန်လွန်ခဲ့ သည့်အချိန်ကာလအထိ ကြွေလွင့်သွားခဲ့ကြသော၊ ပျောက်ကွယ်သွားကြ ပြီဖြစ်သော စာပေကဝိစာဆိုအကျော် ပုဂ္ဂိုလ်ကြီးများအားလည်း ရည်စူး ကော်ရော် ပူဇော်ကန်တော့ခြင်းဖြင့် ပူဇာစ ပူဇနေယျာနံ ပြုသင့်ကြပါသည်။
သမိုင်းတစ်ခေတ် ထင်ရှားကျော်ကြား စာဆိုပညာရှင်ကြီးများမှာ လူပင်သေသော်ငြား ၎င်းတို့၏စာပေအဆင်းတန်ဆာ၊ စာပေ လက်ရာ၊ စာပေအလင်္ကာတို့က ယနေ့ထက်တိုင် နိုင်ငံနှင့်လူမျိုးကို အကျိုးပြုဆဲ ဖြစ်၍ ရည်မှန်းပူဇော်ထိုက်ပါသည်။ ။

No comments:

Post a Comment