Tuesday, November 29, 2016

သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထောင်ဒဏ် နှစ် ၂ဝ အပြစ်ပေးနိုင်ကြောင်း သိရှိနိုင်စေရန်နှင့် အသိပညာပေးရန်ဆုံးဖြတ်



 
 
နေပြည်တော် နိုဝင်ဘာ ၂၈

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့် ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများလုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများ ဖြေရှင်း ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက်အမှာစကားပြောကြားသည်။

ယင်းသို့ပြောကြားရာတွင် လတ်တလောဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကျူးလွန်ခံရသောကလေးသူငယ်များအတွက် ကျန်းမာရေး၊ စိတ်ပိုင်း၊ ရုပ်ပိုင်းစောင့်ရှောက်မှုနှင့် ဥပဒေကြောင်းအရကူညီပံ့ပိုး ရေးတို့ကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ဆွေးနွေးပြောကြားသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နေပြည်တော်ကောင်စီဝင်၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အရာရှိကြီးများတက်ရောက်ခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အစီအစဉ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာအချက်အလက် များ ရှင်းလင်းတင်ပြခြင်း၊ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများ အဆိုပြုတင်ပြခြင်းနှင့် ယင်းအဆိုပြုချက်အပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

သက်ငယ်မုဒိမ်းမှုများသည် ဖြစ်စဉ်များအရကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားလျက်ရှိသကဲ့သို့ မြို့များတွင်လည်းမြို့စွန်ရပ်ကွက်များ၌ အများဆုံးဖြစ်ပွားလျက်ရှိနေသည်။ သို့ဖြစ်၍ သက်ငယ်မုဒိမ်းမှုများပပျောက်စေရေးအတွက် ရေတို၊ ရေရှည် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရန်နှင့် ကျေးရွာများအထိ အသိပညာပေးမှုလုပ်ငန်းများကိုအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးခြင်း၊ လူစည်ကားရာ ဈေး၊ ကားဂိတ်၊ ရေဆိပ်စသည့်နေရာများတွင် အသိပညာပေးဆိုင်းဘုတ်များထူထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက် သွားရန်၊ အဆိုပါသက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း သိရှိစေရန် အသိပညာပေးကြရန် ဆွေးနွေးဆုံးဖြတ်ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက်အကောင်အထည်ဖော်ကြရန် ဆုံးဖြတ် ခဲ့ကြသည်။ (သတင်းစဉ်)


No comments:

Post a Comment