Friday, November 25, 2016

မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မကြာမီ ကောင်းလာမည်ဟု မျှော်လင့်နေကြ



Image may contain: outdoor and nature
မောင်တော နိုဝင်ဘာ ၂၄
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ပိတ်ထားခြင်းမရှိသော်လည်း နယ်မြေအခြေအနေအရ ကုန်သွယ်မှု ခေတ္တရပ်တန့်နေကြောင်း၊ မကြာမီ ကောင်းလာလိမ့်မည် ဟု မျှော်လင့်ရကြောင်း မောင်တောကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေသူများက ဆိုသည်။
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် အောက်တိုဘာ ၉ ရက် မှ ၁၃ ရက်အထိ မောင်တော၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှု ခေတ္တရပ်ဆိုင်းခဲ့သော်လည်း အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး နိုဝင်ဘာ ၃ ရက်မှ ယနေ့အချိန်အထိ နယ်စပ်ကုန်သွယ်မှု ခေတ္တ ရပ်တန့်သွားကြောင်း မောင်တောကုန်သွယ်ရေးစခန်းမှ ဦးစီးအရာရှိ ဦးခင်ကျော်မြင့်က ပြောသည်။
မောင်တော - ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှာ သာမန်အခြေအနေတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်ဘက် သို့ ရေငန်ပုစွန်၊ ငါးခြောက်၊ ဝါးနှင့်တခြားပစ္စည်း ပို့ကုန် ၉ဝရာခိုင်နှုန်းရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောသို့ သွင်းကုန်မှာ ဘိလပ်မြေ၊ ဒန်အိုးဒန်ခွက် နှင့်အဝတ်အထည် ပို့ကုန် ၁ဝ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
''တခြားနယ်စပ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှုက မတူဘူး။ ထိုင်း၊ တရုတ်နိုင်ငံနယ်စပ်တွေမှာ အဲဒီဘက်က မြန်မာနိုင်ငံဘက်ကို သွင်းကုန်အနေနဲ့ တင် သွင်းမှုများတယ်။ ဘင်္ဂလားဒေ့ရှ်မှာက အထည်ချုပ်လုပ်ငန်း ပဲများတော့ ပို့ကုန်အနေနဲ့ ဆောင်ရွက်တာ နည်းတာကို တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှာ သွင်းကုန်အနေနဲ့ ဒေါ်လာခြောက်သောင်းကျော် ပဲရှိတယ်''ဟု ဦးခင်ကျော်မြင့်က ပြောသည်။
''နယ်စပ်တွေမှာက ကုန်သည်အချင်းချင်း နားလည်မှု နဲ့ အရောင်းအဝယ် လုပ်ကြတာ။ ကုန်ပစ္စည်းရောင်းပြီးမှ ငွေချေကြတာ။ ဒီဘက်က နယ်မြေအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်က ဒီဘက်ကို ပစ္စည်းပို့ လိုက်ရင် ဆုံးမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်နေတယ်။ ဒါကြောင့် ဒီဘက်ကို ကုန်ပစ္စည်းမပို့ဖြစ်တာ''ဟု ဦးအောင်မြင့်သိန်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းများမှာ စစ်တွေနှင့် မောင်တောမြို့တို့မှ အဓိက ဝင်ရောက်သည်။ မောင်တော မြို့မှာ ဘင်္ဂလားဒေ့ရှ်နှင့် အဓိကကုန်သွယ်မှုပြုရာ နယ်စပ် ဂိတ်ဖြစ်သည်။
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၇ ဒသမ ၆၆၉ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ ၁ဝ၆ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဒသမ ၃၆၉ သန်း၊သွင်းကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ ဝ၆၆ သန်းနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၉၄၂ သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ သုည ဒသမ ဝ၂၇ သန်း ရှိခဲ့ကြောင်း သိရသည်။
မောင်တော ကုန်သွယ်ရေးဆိပ်ကမ်းမှ ကုန်တင် ကုန်ချလုပ်သား ဦးမာမက်က ''အလုပ်ရှိရင်တော့ တစ်နေ့ ကျပ်ငါးထောင်လောက်ရတယ်။ ဟိုဘက်ဒီဘက် ကုန် ပစ္စည်းပို့တာမရှိတော့ အလုပ်လည်းမရှိဘူး။ ဝင်ငွေလည်း မရှိဘူး။ မကြာခင် ကုန်သွယ်မှုပြန်ကောင်းလာမယ်လို့ တော့ ထင်ပါတယ်''ဟု ပြောသည်။
နယ်မြေအခြေအနေအရ မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ခေတ္တရပ်တန့်နေခြင်းကြောင့် မောင်တော ကုန်သွယ်ရေးဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ဝါးများတင်ပို့ရန် အခက်အခဲဖြစ်နေပြီး ကုန်သည်များအနေ ဖြင့် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း မောင်တောမြို့ ရွှေရတနာမြေကုမ္ပဏီမှ သိရသည်။
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် သန်း ၆ဝဝ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက ထည့်ဝင်ငွေကျပ် သန်း ၄ဝဝ စုစုပေါင်း ငွေကျပ်သန်း၁ဝဝဝ ဖြင့် မောင်တော မြို့ ကညင်ချောင်းတွင် ကုန်သွယ်ရေးဇုန်တစ်ခုတည်ဆောက် နေပြီး လက်ရှိအချိန်တွင် ပင်မရုံး၊ ကုန်လှောင်ရုံ၊ ဆိပ်ခံတံတားနှင့်ရုံးခန်းတချို့ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း မောင်တောကုန်သွယ်ရေးစခန်းမှ သိရသည်။
သတင်း-မင်းသစ်(သတင်းစဉ်)နှင့်အေဝမ်းစိုး

No comments:

Post a Comment