Friday, November 25, 2016

မောင်တောမီးလင်းရေး တစ်ရက်လျှင် စက်သုံးဆီ ၁၇၅ ဂါလန် ပိုမိုသုံးစွဲနေရ



Image may contain: outdoor
မောင်တော နိုဝင်ဘာ ၂၄
မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက် လုံခြုံရေးအခြေအနေအရ လျှပ်စစ်မီးပေးချိန် တိုးမြှင့်ထားရ၍ စက်သုံးဆီသုံးစွဲမှုမှာ တစ်ရက်လျှင် ဆီဂါလန် ၁၇၅ ဂါလန်ပိုမိုသုံးစွဲနေရကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။
''မောင်တောခရိုင်မှာ အကြမ်းဖက်မှုမဖြစ်ပွားမီ မီးပေးတဲ့အခြေအနေကတော့ ပြည်နယ်အစိုးရရဲ့ အထောက်အပံ့နဲ့ တစ်ညကို လေးနာရီ၊ မီးလင်းရေး ကော်မတီရဲ့ အထောက်အပံ့နဲ့ပေးတာက တစ်နာရီ စုစုပေါင်း ငါးနာရီပေးပါတယ်။ အောက်တိုဘာ ၉ ရက်က စပြီး ပုံမှန်ပေးနေတဲ့ ငါးနာရီအပြင် လုံခြုံရေးအခြေအနေအရ မီးပေးချိန်ကို နောက်ထပ်လေးနာရီခွဲ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့အတွက် တစ်ညကို ဆီဂါလန် ၁၇၅ ဂါလန် ပိုပြီး သုံးစွဲနေရပါတယ်''ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရက ပုံမှန်အားဖြင့် မောင်တောခရိုင်မီးလင်းရေးအတွက် လစဉ် စက်သုံးဆီ ဒီဇယ်ဂါလန် ၄၇ဝ၆ ဂါလန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မီးလင်းရေး ကော်မတီကလည်း လစဉ် ဂါလန် ၂ဝဝဝ ခန့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယင်းပုံမှန် ထောက်ပံ့ပေးနေ သည့်အခြေအနေမှ လုံခြုံရေးအခြေအနေကြောင့် တစ်ရက် စက်သုံးဆီ ဂါလန် ၁၇၅ ဂါလန်တိုးမြှင့်၍ ထောက်ပံ့ပေးနေ ရကြောင်း သိရသည်။
''ဒီအခြေအနေတိုင်းဆိုရင် မောင်တောခရိုင်အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မျှော်မှန်းထားတာထက်စောပြီး ရရှိအောင် တွန်းအားပေး ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်''ဟု ဦးသန့်ဇင်ထွန်း က ဆိုသည်။
မောင်တောခရိုင်တွင် ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရန် မျှော်မှန်းထားပြီး ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီး တောင်- မောင်တော ၆၆ KV ဓာတ်အားလိုင်းသွယ်တန်း ရယူရန် ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် ဓာတ်အားခွဲရုံလေးခုကိုလည်း တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်း- မြင့်မောင်စိုး 
ဓာတ်ပုံ- အေဝမ်းစိုး (ကြေးမုံ)

No comments:

Post a Comment