Wednesday, November 2, 2016

ကုက္ကိုဝနှင့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိ တိုးပွားလာမည့် ရန်ကုန်မြို့လူဦးရေနှင့် မြို့သစ်မြို့နယ်များ၊ စက်မှုဇုန်များသို့ ရေလုံလောက်စွာပေးဝေနိုင်မည်



Image may contain: grass, sky, outdoor, nature and water
ရန်ကုန် နိုဝင်ဘာ ၁

အနာဂတ်ကာလတွင် တိုးပွားလာမည့် ရန်ကုန်မြို့ပြ လူဦးရေနှင့် လက်ရှိတွင် ရေရရှိမှုအခက်အခဲရှိနေသော မြို့သစ်မြို့နယ်များ၊ အကောင်အထည်ဖော်မည့် စက်မှုဇုန်များ၊ စီးပွားရေးဇုန်များသို့ ရေလုံလောက်စွာ ပေးဝေနိုင်ရန် ရေပေးဝေရေးစီမံကိန်းအသစ်များဖြစ်သော ကုက္ကိုဝ မြစ်ရေပေးဝေရေးစီမံကိန်းနှင့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းတို့ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့ဧရိယာတွင် နေ့စဉ်ရေဂါလန် ၂ဝ၅ သန်း ပေးဝေလျက်ရှိပြီး ယင်းမှာ မြို့လူဦးရေ၏ ၆ဝ ရာခိုင်နှုန်းခန့်ကိုသာ ပေးဝေနိုင်သေးရာ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များ အားလုံးသို့ ရေပေးဝေနိုင်ရေးနှင့် တိုးပွားလာမည့် လူဦးရေနှင့်အညီ ပေးဝေနိုင်ရေး၊ စက်မှုနယ်မြေများတွင် ရေရရှိရေးအတွက် ရေရှည်ရေပေးဝေရေး စီမံကိန်းများကို ပြည်ပနည်းပညာအကူအညီ၊ ချေးငွေအကူအညီများရယူကာ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယင်းစီမံကိန်းများတွင် ကုက္ကိုဝ မြစ်ရေပေးဝေရေး စီမံကိန်းသည် ရန်ကုန်-ပုသိမ် လမ်းမကြီး၏ မိုင်တိုင် ၁၆ မိုင် ၄ ဖာလုံ၊ အညာစုကျေးရွာအနီး ထန်းတပင်မြို့နယ် ကုက္ကိုဝမြစ် ဘေးတွင်တည်ရှိပြီး လှိုင်မြစ်အနောက်ဘက်ကမ်းတွင် ရေရယူနိုင်မည့် အရင်းအမြစ်များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းလေ့လာ၍ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
''လှိုင်မြစ်အနောက်ဘက်ကမ်းက လှိုင်သာယာမြို့နယ် အတွက် ရေပေးဝေနိုင်ဖို့လည်း အရေးကြီးပါတယ်။ လှိုင်သာယာမှာ စက်မှုဇုန်တွေအပါအဝင် နေ့စဉ် ရေလိုအပ်ချက် ဂါလန် ၁ဝ သန်းခန့်လိုပါတယ်။ လက်ရှိ တစ်နေ့ကို ရေဂါလန် ၁ ဒသမ ၃ သန်းခန့်ကိုသာ ပေးနိုင်သေးပြီး မြို့နယ်တစ်ခုလုံး လိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်းခန့်သာ ပေးဝေနိုင်တဲ့အတွက် အနာဂတ် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းကိုမဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ အလားတူ ဒဂုံမြို့ သစ် မြို့နယ်တွေ၊ သာကေတ၊ ဒေါပုံ၊ သီလဝါအထူး စီးပွားရေးဇုန်တို့ကို ရေပေးဝေနိုင်ဖို့၊ ရေအားဖြည့်ပေးနိုင်ဖို့ကို လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှုဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကုက္ကိုဝမြစ် ရေပေးဝေရေးစီမံကိန်းအတွက် မြေနေရာ စုဆောင်းဝယ်ယူလျက်ရှိပြီး ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ အခြေခံအဆောက်အအုံစီမံကိန်းများကို ဆောင်ရွက်ခဲ့ပြီး ရေသန့်စင်စက်ရုံတည်ဆောက်ပြီးစီးပါက ရေပိုက်လိုင်းကြီးများ သွယ်တန်းခြင်း၊ ရေစုကန်များတည်ဆောက်ခြင်း၊ ရေဖြန့်ဖြူးကွန်ရက်အသစ်များ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့် သုံးခွကျေးရွာအနီး မစိုချောင်းဘေးတွင်တည်ရှိပြီး ၂ဝ၁၃ ခုနှစ် မေ ၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ရေသန့်စင်မှုစနစ် ဒီဇိုင်းပုံစံကို JICA က ဆောင်ရွက်ပေးပြီး ခိုင်ခံ့မှုဒီဇိုင်းပုံစံကို အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆောင်ရွက်သည်။ လဂွန်းပြင်ရေလှောင်တမံမှ ရေသွယ်ယူမည့်လမ်းကြောင်းမှာ လဂွန်းပြင်ဆည်မှ Open Channel ဖြင့် ခရိန်ချောင်းအတိုင်း အမှတ်(၂) လမ်းအထိ လည်းကောင်း၊ ယင်းမှတစ်ဆင့် ရှမ်းတဲကြီးချောင်းအတိုင်းမှ ငမိုးရိပ်ချောင်းအတိုင်းလည်းကောင်း၊ ယင်းမှ ငမိုးရိပ် ချောင်းအတိုင်း မြို့ပတ်လမ်း (စိတ်ကျန်းမာရေးဆေးရုံအနီး)တွင် ရေယူအဆောက်အအုံ ဆောက်လုပ်၍ ရေသန့်စင် စက်ရုံသို့ အဆင့်ဆင့်သယ်ယူကာ ရေသန့်စင် ပေးဝေသွားမည်ဖြစ်သည်။ ယင်းအတွက် ခရိန်ချောင်းရေကို ထိန်းသိမ်းရန် ပဲခူးမြစ်အနီး ရေထိန်းတံခါးတစ်ခု တည်ဆောက်ပြီး ဖြစ်သည်။
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းမှ ရရှိလာမည့်တစ်ရက် ရေဂါလန် သန်း ၄ဝ ကို ဒဂုံမြို့သစ်မြို့နယ်များ၊ သာကေတ၊ ဒေါပုံမြို့နယ်တို့သို့ ရေအားဖြည့်ပေးဝေနိုင် မည်ဖြစ်ပြီး သီလဝါစီးပွားရေးဇုန်သို့လည်း တစ်ရက်လျှင် ရေဂါလန် ၁ဝ သန်း ပေးဝေနိုင်မည်ဟု သိရသည်။ ယင်းစီမံကိန်းများကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်၊ ၂ဝ၂၂ ခုနှစ်တွင် ပြီးစီးရန်လျာထားပြီး ရေဂါလန် သန်း ၁ဝဝ ခန့် ရရှိပေးဝေ နိုင်မည်ဖြစ်ရာ အနာဂတ် ရန်ကုန်မြို့ပြတွင် လူဦးရေ ၁ဝ သန်းဖြစ်လာမည့် Mega City အတွက် တိုးတက်လာမည့် လူဦးရေနှင့် အညီ ၂ဝ၄ဝ ပြည့်နှစ်တွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် မြို့ပြစီမံကိန်းများဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့ကို ရေပေးဝေလျက်ရှိသော ရေအရင်းအမြစ်များမှာ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေပေးဝေရေးစီမံကိန်း အဆင့်(၁) နှင့် အဆင့်(၂)၊ အဝီစိတွင်းများအပါအဝင် နေ့စဉ် ရေဂါလန် ၂ဝ၅ သန်း ပေးဝေလျက်ရှိပြီး ယင်းမှာ မြို့ပြလူထုလိုအပ်လျက်ရှိသော ရေလိုအပ်ချက်၏ ၆ဝ ရာခိုင်နှုန်းသာ ပေးဝေနိုင်သေးကြောင်း သိရသည်။ ယင်းကြောင့် ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် စီမံကိန်းအသစ်များ အကောင်အထည်ဖော်ခြင်းအပြင် ပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ကူညီထောက်ပံ့မှုများဖြင့် ရေလေလွင့်ပြုန်းတီးမှု လျော့ကျ ရေးစီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ရေလေလွင့်ပြုန်းတီးမှုသည် ရေပေးဝေမှုတွင် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေပြီး မိန်းရေပိုက်နှင့် ဝေးကွာနေသော မြို့နယ်များတွင် ရေရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အလားတူ ရေသုံးစွဲမှုတွင် အိမ်ထောင်စုများအလိုက်၊ နေအိမ်များအလိုက် စနစ်တကျသုံးစွဲနိုင်မှုများ ဖြစ်ပေါ်စေရေးအတွက် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေလေလွင့်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးကိုလည်း အများပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှုဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''အိမ်ငှားပဲဖြစ်ဖြစ် အိမ်ပိုင်ပဲဖြစ်ဖြစ် အဓိကအနေနဲ့ ရေ ရ၊ မရ ကို ကြည့်ကြတယ်။ ရေ၊ မီး က အဓိက လိုအပ်ချက်ပဲ။ တစ်ရပ်ကွက်တည်းမှာတင် ရေမရတာတွေလည်း ကြုံရတယ်။ နောက် မီးပျက်ပြီဆိုရင် ရေလည်းမရနိုင် တော့ဘူး။ ညသန်းခေါင်၊ မနက်အစောကြီးတွေ ရေထတင် နေရတဲ့ဒုက္ခက ရန်ကုန်ကန်ထရိုက်တိုက်တွေမှာနေသူ တွေရဲ့ နေ့စဉ်ဒုက္ခပေါ့။ နောက်တစ်ခုရှိသေးတယ်။ ရေခွန် ကောက်တဲ့ပုံစံ၊ ကွာတားအလိုက်ကောက်လိုက်၊ လအလိုက် ကောက်လိုက်နဲ့ ဘာမှန်းမသိဘူး။ မြေခွန်နဲ့ တခြားအခွန် တွေလည်း အဲဒီအတိုင်းပဲ။ ရှင်းရှင်းလင်းလင်း မဖြစ်ဘူး ဖြစ်နေတယ်။ ပိုင်ရှင်အမည်တွေလည်း မှားလို့မှားနဲ့ ဆက်ဆံရေးတွေ ပြေပြေလည်လည် ဖြစ်စေချင်တယ်။ အဓိကလိုအပ်ချက်ကတော့ ရေနဲ့ လျှပ်စစ်မီးကို မှန်စေချင် တာပါပဲ'' ဟု တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ အိမ်ခြံမြေအကျိုးဆောင် ဒေါ်ကြည်က ပြောသည်။
သတင်း-ဆုနှင်းလဲ့
ဓာတ်ပုံ - စောသိန်းဝင်း

No comments:

Post a Comment