Wednesday, November 30, 2016

ရာထူးမှ နုတ်ထွက်ပေးနိုင်မည့် နည်းလမ်းရှာဖွေရန် သမ္မတ ပတ်ဂွန်ဟေးက ပါလီမန်အား တိုက်တွန်း



Image may contain: 1 person
ဆိုးလ် နိုဝင်ဘာ ၂၉
တောင်ကိုရီးယားနိုင်ငံ၌ ရာထူးအရှိန်အဝါ အလွဲသုံးမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသည့် သမ္မတ ပတ်ဂွန်ဟေးသည် ၎င်းရာထူးမှ နုတ်ထွက်ပေးရေးကိစ္စနှင့်ပတ်သက်၍ ပါလီမန်အား ကမ်းလှမ်းပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
မိမိအနေဖြင့် သမ္မတရာထူးအာဏာအား မည်သို့ မည်ပုံနှင့် မည်သည့်အချိန်တွင် စွန့်လွှတ်ရမည်ကို ပါလီမန် က ဆုံးဖြတ်ပေးပါရန် သမ္မတ ပတ်က ပြောကြားခဲ့သည်။
သို့ရာတွင် သမ္မတ ပတ်၏ ကမ်းလှမ်းချက်ကို အဓိက အတိုက်အခံပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီက ပယ်ချခဲ့သည်။ သမ္မတပတ်သည် ပါလီမန်၌ ခုံရုံးဖွဲ့စစ်ဆေးခံရ ခြင်းမှ ရှောင်လွှဲနိုင်ရန် ယင်းသို့ ကမ်းလှမ်းခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သမ္မတအား ပါလီမန်၌ စွဲချက်တင်ကာ ကြားနာစစ်ဆေးမှု ပြုလုပ်နိုင်ရေးအတွက် အဆိုတင်သွင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ၁၉၈၇ ခုနှစ် နောက်ပိုင်း သမ္မတတစ်ဦးအနေဖြင့် ငါးနှစ်သက်တမ်းရှိ ရာထူးသက်တမ်းကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုမရှိဘဲ ရာထူးမှ နုတ်ထွက်သွားခဲ့ရသည့်ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။
မိမိ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ အကြောင်း ခြင်းရာ မှန်သမျှကို ပါလီမန်ကသာ အဆုံးအဖြတ်ပေးစေ လိုကြောင်း၊ ရာထူးသက်တမ်းမစေ့မီ ရာထူးမှ ဆင်းပေးရန် သင့်၊ မသင့် ပါလီမန်က ဆုံးဖြတ်မှုကို ခံယူလိုကြောင်း သမ္မတပတ်က ပြောကြားသည်။
ထိုစဉ်အတွင်း သမ္မတ ပတ်ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူထုဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ရိုက်တာ။

No comments:

Post a Comment