မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ နိုဝင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်-
ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်)
မေး။ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်မယ့် အစီအစဉ်လေးတွေ သိပါရစေ။
ဖြေ။ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်မယ့် အစီအစဉ်ကတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရန်ကုန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိစ္စရပ်တွေက အခက်အခဲတော်တော်ကြုံပါတယ်။ အခုတော့ ယာဉ်လိုင်းတွေက တစ်ဦးချင်းပိုင်၊ တစ်ယောက်ချင်းပိုင်၊ ဘတ်စ်ကား တစ်ဦးချင်းပိုင် လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် ဒီမှာ ပြေးဆွဲနေကြတဲ့ ကားတွေက အခက်အခဲတော်တော်ရှိပါတယ်။ ဒါကြောင့် အများပြည်သူ ဝန်ဆောင်မှုပုံစံမျိုးဖြစ်ဖို့အတွက် အများပိုင်ကုမ္ပဏီရှစ်ခုလောက် ထူထောင်ပြီး ဘတ်စ်ကားလိုင်းတွေကို စတင်ပြေးဆွဲနိုင်ဖို့ ကြိုးစားသွားပါမယ်။ ဒါနဲ့အတူ ရန်ကုန်မြို့မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစင်တာတစ်ခု ထားပါမယ်။ ဒါ့အပြင် Traffic Control Center တစ်ခုကိုလည်း ဖွင့်လှစ်ပြီးဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။
မေး။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အသစ်ပြန်လည်ရေးဆွဲမယ်ဆိုတာ သိရပါတယ်။ အဲဒီအခြေအနေလေးလည်း သိပါရစေ။
ဖြေ။ ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်တဲ့ စီးပွားရေးမြို့တော်ကြီးအဖြစ်နဲ့ တည်ဆောက်သွားဖို့ ရှိပါတယ်။ ဒီတည်ဆောက်မှုဟာ အရင်တုန်းက တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တာရှိပါတယ်။ ရန်ကုန်မြို့တော်စီမံကိန်းဆိုပြီးတော့ ၂ဝ၄ဝ ခုနှစ်အထိ ရည်ရွယ်ပြီး ရေးဆွဲထားတာရှိပါတယ်။ အခုတော့ နောင်အနှစ် ၅ဝ လောက်အထိ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေအတွက်၊ နောင်မျိုးဆက်သစ်တွေအတွက် Master Plan တစ်ခုကို စနစ်တကျပြန်ဖြစ်ဖို့ ရေးဆွဲသွားပါမယ်။ ဒီတည်ဆောက်မှုမှာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံက ပညာရှင်တွေရဲ့ အကူအညီတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူပြီး ရေးဆွဲ ဆောင်ရွက်သွားမှာပါ။ ဒါကို စည်ပင်သာယာက လွှတ်တော်မှာတင်ပြပြီး ပိုမိုကောင်းမွန်တဲ့ ရန်ကုန်မြို့ပြစီမံကိန်း အသစ်တစ်ခုဖြစ်အောင် ကြိုးစားသွားဖို့ ရှိပါတယ်။
မေး။ မြို့ပြစီမံကိန်းကို ဘယ်လိုနေရာမျိုးတွေမှာ အဓိကဦးစားပေးအနေနဲ့ ချဲ့ထွင်သွားဖို့ရှိပါသလဲ။
ဖြေ။ မြို့ပြစီမံကိန်းကို ရန်ကုန်မြို့ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက် တွေအားလုံးကို မျှတအောင် ချဲ့ထွင်တည်ဆောက်သွားပါမယ်။ ရန်ကုန်မြစ်ဟာ ရန်ကုန်မြို့ရဲ့ အလယ်မှာရှိတဲ့ မြစ်ကြီးအဖြစ်ရှိသွားအောင် ကြိုးစားသွားပါမယ်။ ရန်ကုန်မှာ စီးပွားရေးစင်္ကြံနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ရန်ကုန် သီလဝါကနေ ဟံသာဝတီလေဆိပ်အသစ်တည်ဆောက်မယ့် စီးပွားရေးစင်္ကြံရယ်၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးဘက်ကနေ ဟံသာဝတီဘက်ကို ဦးတည်သွားမယ့်စီးပွားရေး စင်္ကြံရယ် ဆိုပြီးတော့ နှစ်ခုရှိပါတယ်။ ဒီနှစ်ခုစလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းကိုတော့ ရှေးမူမပျက်ဘဲ နိုင်ငံခြားသားခရီးသည်တွေ ဆွဲဆောင်မှုရှိဖို့၊ ဆိပ်ကမ်းတွေကို စနစ်တကျဖြစ်စေဖို့၊ ဆိပ်ကမ်းတွေမှာလည်း အများပြည်သူ အပန်းဖြေအနားယူနိုင်တဲ့ နေရာတွေဖြစ်ဖို့အတွက် ကြိုးပမ်းသွားပါမယ်။ မြို့သစ်စီမံကိန်းကြီးတွေကိုတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပုံသဏ္ဌာန်တွေနဲ့ တည်ဆောက်သွားမှာပါ။
မေး။ ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ဖို့ ဘယ်လိုစီမံဆောင် ရွက်သွားမလဲဆိုတာသိချင်ပါတယ်။
ဖြေ။ ရန်ကုန်မြို့မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးကို ပြင်ဆင်လိုက်ခြင်းအားဖြင့် ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဘတ်စ်ကားယာဉ်လိုင်းတွေ စနစ်တကျ ဖြစ်သွားမယ်။ နောက်တစ်ချက်ကတော့ ကားတွေကို တင်သွင်းတဲ့နေရာမှာလည်း စနစ်တကျတင်သွင်းဖို့ ဆောင်ရွက်ပါမယ်။ ကားအသစ်တွေကို တင်သွင်းနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ကားတွေကို နိုင်ငံတွင်း ပြည်သူတွေ အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ရန်ကုန်မြို့လယ်မှာရှိတဲ့ လမ်းဘေးဈေးသည်တွေအတွက် ပြန်လည်နေရာချထားပေးလိုက်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ပါလိမ့်မယ်။ ပလက်ဖောင်း တွေပေါ်မှာလည်း လူတွေလမ်းလျှောက်ဖို့ အဆင်ပြေနိုင်ပါလိမ့်မယ်။
ဦးဝင်းခိုင်(ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
မေး။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီနေ့အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီနေ့အစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကလည်း ဟန်ချက်ညီညီဖြစ်အောင်လုပ်တာပါ။ ရန်ကုန်ပြည်သူလူထုရဲ့လိုလားချက်၊ မျှော်လင့်ချက်တွေလည်းရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ ရန်ကုန်မြို့ပြစီမံကိန်းကို ဟန်ချက်ညီညီ လုပ်တဲ့အထဲမှာကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာတွေ ဒီထက်ပိုပြီး ဖြည့်ဆည်းပေးဖို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ကတော့ ရန်ကုန်မြို့မှာ ပြည်သူ့အိမ်ရာနဲ့ ပတ်သက်တာတွေ ဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့အိမ်ရာကတော့ အိမ်ရာနဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်ရာတွေကို အဓိကဖော်ထုတ်တာပါ။ ဒီဘက်အစိုးရလက်ထက်မှာလည်း နှစ်နှစ်အတွင်း အိမ်ခန်း ၈ဝဝဝ၊ ငါးနှစ်အတွင်း အိမ်ခန်း နှစ်သိန်းနဲ့ ၁၅ နှစ် အတွင်း အိမ်ခန်း တစ်သန်း ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ တခြားစီမံချက်တွေလည်း ရှိပါတယ်။ အိမ်ခန်းတွေကလည်း သိန်း ၁ဝဝ အောက်မှာပဲပေးရဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာပါ။ ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူလူထု အိမ်ရာပိုင်ဆိုင်မှု စနစ်တစ်ခုဖြစ်သွားအောင် အိမ်ရာ ဝယ်တဲ့အခါမှာ Down Payment တစ်ခုတော့ ပေးရမယ်။ အဲဒါပြီးရင်တော့ အရစ်ကျစနစ်နဲ့ ရှစ်နှစ်တန်သည်၊ ၁၅ နှစ်တန်သည် ပေးချေရမှာပါ။ အနည်းဆုံးတော့ နေထိုင်လို့ သင့်တင့်မျှတတဲ့ အိမ်တစ်ခုဖြစ်သွားမှာပါ။ အခု ဒီစနစ်ကို စတဲ့အချိန်မှာ အလွန်ကောင်းတဲ့အိမ်ကြီး မဟုတ်ပေမယ့်လည်း သိန်း ၁ဝဝ အောက်မှာ မိသားစု လေးငါးယောက်လောက် ကောင်းကောင်းနေထိုင်လို့ရတဲ့ အိမ်မျိုးကို ရှစ်နှစ်၊ ၁၅ နှစ်အတောအတွင်းမှာ ရရှိတဲ့ ဘဏ်ချေးငွေအပေါ် မူတည်ပြီး အိမ်ပိုင်ဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အိမ်ဆိုတာကလည်း အိမ်ဖြစ်ရင်ပြီးရောမဟုတ်ပါဘူး။ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်၊ မိမိ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ အနေအထားလေးတွေဖြစ်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နောင် ၂ဝ၄ဝ ခုနှစ် လောက်မှာ လူဦးရေက ၁၂ သန်းလောက်ဖြစ်မှာဆိုတော့ ဒါတွေကို ကျွန်တော်တို့ ကြိုတင်မစီစဉ်လို့မရပါဘူး။ ဒါတွေအကုန်လုံးကိုလည်း မြို့ထဲမှာ ထားလို့မရပါဘူး။ ဒါကြောင့် မြို့သစ်တွေတည်ဖို့၊ တိုးချဲ့ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး မြို့နေလူထုရဲ့ လူနေမှုအဆင့်၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အကုန်လုံးကို ဟန်ချက်ညီညီလုပ်သွားမှာပါ။ ရန်ကုန်မြို့မှာ ခုတင်(၅ဝဝ)ဆံ့ ဆေးရုံသစ်တွေ အများကြီးဆောက်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
မေး။ ရန်ကုန်မြို့မှာ ဆောက်လုပ်ဆဲလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲဒီအတွက် ဘယ်လိုရှေ့ဆက်ဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ အရင်တုန်းက လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းစနစ်က တော်တော်လေးကို အခြေမကျပါဘူး။ အခုအစိုးရသစ်လက်ထက်မှာတော့ စည်းနဲ့ကမ်းနဲ့ လုပ်ဖို့လိုပါတယ်။ ဒါတွေကို ပြန်လည်စိစစ်တာပါ။ ဘာတွေမှားခဲ့လဲ၊ ဘာတွေက ပြန်ပြီးပြုပြင်ဖို့လိုလဲ ဒီအမှားမျိုးကို နောက်အစိုးရအနေနဲ့ ဆက်လျှောက်ဖို့ဆိုတာ အများကြီးခက်ပါတယ်။ တစ်ခုခုမှားခဲ့ရင်လည်း ကျွန်တော်တို့ ပြန်ပြုပြင်သွားမယ်။ ဘယ်သူမှ နစ်နာစေချင်လို့တော့ မဟုတ်ပါဘူး။ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာလည်း စနစ်တွေ မှန်ရမယ်။ လူတွေအုပ်ချုပ်တာကနေပြီး စနစ်က အုပ်ချုပ်တဲ့ ပုံစံမျိုးသွားရမှာပါ။ ဒီလူ့ကို တစ်မျိုး၊ ဟိုလူ့ကို တစ်မျိုး၊ ခင်ရင်တစ်မျိုး၊ မခင်ရင်တစ်မျိုးဆိုပြီး အဆောက်အအုံတွေ ဆောက်လုပ်ခွင့်ပေးတာမျိုးကို ပြုပြင်ဖို့လိုပါတယ်။ ဒါတွေကို ပြန်စိစစ်လိုက်တဲ့အခါ နောက်ပိုင်းအဆင်ပြေစေဖို့ လေး ငါး ခြောက်လလောက် ပြန်ပြီးသုံးသပ်ရမယ်။ ယခုနှစ်ဘတ်ဂျက်နဲ့ဆောက်တဲ့ အဆောက်အအုံတွေကိုတော့ စနစ်တကျ ပြုလုပ်ထားပါတယ်။ ဥပမာ ကျောင်းဆိုရင်လည်း တစ်ကျပ်ပေးရင် တစ်ကျပ်တန် ထွက်ရမယ်။ လမ်းဆိုရင်လည်း တစ်ရာတန်ပေးရင် တစ်ရာတန်လမ်းတော့ ထွက်ရမယ်။ ဒီလိုဟာတွေဖြစ်ဖို့က အခြေခံတွေ အကုန်လုံးကို စနစ်တွေ ပြန်ပြီးတော့ ရေးဆွဲရပါတယ်။ အခုတော့ ဘာပ
ဲဖြစ်ဖြစ် ပုံသေကားချပ် လုပ်ထားတဲ့အတွက် ပိုပြီးတော့ တာဝန်ခံမှုရှိပါတယ်။ လုပ်တဲ့သူမှာလည်း စံချိန် စံညွှန်းတွေနဲ့ တိတိကျကျလုပ်နိုင်တဲ့အတွက် တာဝန်ယူရဲပါတယ်။ ရှေ့လျှောက် ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိလာတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့အစိုးရဌာနတိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေကတော့ ပြည်သူလူထုအတွက် ဘာတွေကောင်းအောင်လုပ်ပေးရမလဲဆိုတာကိုပဲ စဉ်းစားနေတာပါ။
(တွေ့ဆုံမေးမြန်း-ကိုမင်း၊ အေးအေးမြင့်)

No comments:
Post a Comment