Friday, November 25, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လိုအပ်သော မဟာအင်အား

မကြာသေးမီရက်ပိုင်းအတွင်းက  ရန်ကုန်မြို့ရှိ   လူစည်ကားရာဈေးဝယ် ကုန်တိုက်ကြီးများအတွင်း အသေးစားပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်  သတင်းများ မီဒီယာများတွင် ပါရှိလာသည်။
အဆိုပါ ပေါက်ကွဲမှုများတွင် အားဖြည့်အချိုရည်ပုလင်းများအတွင်း ဓာတုဆေးရည်များကို ထည့်သွင်း၍ အခြေအနေတစ်ရပ်တွင် ပေါင်းစပ် စေကာ ပေါက်ကွဲမှုဖြစ်ပွားအောင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ လူစည်ကားရာကုန်တိုက်ကြီးများတွင် ကိုယ်ပိုင်လုံခြုံရေးအစီအစဉ်များ၊ လုံခြုံရေးဝန်ထမ်းများရှိပြီးဖြစ်သကဲ့သို့  ပုံမှန်စစ်ဆေးမှုများ  ပြုလုပ် လေ့လည်းရှိကြရာ  အဆိုပါ  လုံခြုံရေးစနစ်ကို   ကျော်ဖြတ်နိုင်သည့် နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်ဟန်တူပြီး ၄င်းဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည့် မသမာသူတို့က  ပြည်သူလူထု အထိတ်တလန့်ဖြစ်ရုံ၊ အသံ မြည်ရုံသက်သက်သာ  ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု  ယုံကြည်ရန် ခက် သည်။ 
သည့်မတိုင်မီက   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏    ကန့်သတ် နေရာများသို့   ကျူးကျော်ဝင်ရောက်မှုနှစ်ကြိမ်တိုင်တိုင်  ဖြစ်ပွားခဲ့ရာ အဆိုပါ ဝင်ရောက်မှုများမှာ မသိနားမလည်၍ အမှတ်တမဲ့ရောက်ရှိသွား ခဲ့ခြင်းဖြစ်သည်ဟုပင် လွယ်လွယ်ဖြင့် ယုံကြည်စိတ်ချထားရန်ခက်သည်။ အဆိုပါ ဖြစ်ရပ်များမတိုင်မီကလည်း သတင်းတစ်ရပ်တွင် တစ်ဖက်နိုင်ငံသား လင်မယားဟုဆိုသူ  သက်လတ်ပိုင်းအရွယ်  အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့က ၄င်းတို့၏ ဇာတိရပ်ရွာကိုပြန်ရန်ဟုဆိုကာ မြန်မာနိုင်ငံ ၏ အရှေ့ဘက်တံခါးတစ်ခုဖြစ်သည့် မြဝတီမှသည် အနောက်ဘက်တံခါးရှိရာ ရခိုင်ပြည်နယ်သို့အရောက် အထောက်အထားမဲ့ဝင်ရောက်ဖြတ်သန်းခဲ့ သည်ကိုလည်း ဖတ်ရှုခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း၂ဝ ခန့်က မြန်မာနိုင်ငံ မောင်တောမြို့မှသည် စစ်တွေ-ရန်ကုန်-မော်လမြိုင်-ကော့သောင်း-ရနောင်းအထိ   ခြေကျင်သွားရောက်ခဲ့ကာ ယင်းမှသည်  နိုင်ငံရပ်ခြား သို့ထွက်ခွာခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရန်ကုန်သို့  ပြန်လည်ဝင်ရောက်ကာ ယင်းမှတစ်ဆင့်  ပျဉ်းမနားကို  ခြေကျင်လျှောက်သွားရင်း  ပြီးခဲ့သည့် ရက်ပိုင်းက လမ်းတွင်ဖမ်းမိခဲ့သည့် အထောက်အထားမဲ့ လျှောက်သွားနေသူ တစ်ဦးသတင်း ပါရှိခဲ့သည်။
အထက်ပါ သတင်းများမှာ မီဒီယာများတွင် ပါရှိခဲ့သော ဖြစ်ရပ်များ ဖြစ်ပြီး သတင်းမီဒီယာများက မသိရှိခဲ့ရသော ဖြစ်ရပ်များလည်း များစွာ ရှိနေလိမ့်မည်ဟု  ယုံကြည်မိသည်။   ရပ်ကွက်တစ်ခုအတွင်း   လူဝင် လူထွက်များကို  တင်းတင်းကျပ်ကျပ်  စောင့်ကြည့်စစ်ဆေးသည့် ခေတ် ကာလမျိုးမှာပင် လူစည်ကားရာမြို့ကြီးများ၌နေထိုင်ခဲ့ရုံမက ခြေကျင် လှည့်လည်သွားလာကာ နယ်စပ်ကိုပင်ဖြတ်ကျော်ထွက်သွား/ ပြန်ဝင်လုပ် နိုင်ခဲ့သည့်အနေအထားကို ကြည့်ခြင်းအားဖြင့်  သာမန်လူဝင်၊ လူထွက်ကိစ္စ ဟူ၍သာ  ရှုမြင်ရန်  မဟုတ်တော့ဘဲ  နိုင်ငံကာကွယ်ရေးနှင့် အမျိုးသား လုံခြုံရေးအထိ မျှော်တွေးကြရန် လိုအပ်မည်ဟု သုံးသပ်မိသည်။ ရဲတပ်ဖွဲ့ နှင့်သာဆိုင်သည့်ကိစ္စ၊     လုံခြုံရေးဝန်ထမ်းများနှင့်သာဆိုင်သည့်ကိစ္စ၊ လူဝင်မှုကြီးကြပ်ရေးနှင့်သာဆိုင်သည့်ကိစ္စအဖြစ်သာ ပေါ့ပေါ့ တန်တန် မမြင်ဘဲ ပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးသတိအစဉ်ရှိကြရန် တိုက်တွန်းလိုသည်။
ရှေးတရုတ်ဘုရင်များလက်ထက်က ပိုင်နက်နယ်မြေများ ကာကွယ် ရေး၊ ရန်သူတို့ ကျူးကျော်ဝင်ရောက်မှုများကို တားဆီးနိုင်ရေးအတွက် မိုင်ပေါင်းများစွာ ရှည်လျားသော မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ သည်။ ကျူးကျော်ရန်ကို ကာကွယ်နိုင်ရေးအတွက် တံတိုင်းကြီးပေါ်တွင် ပြအိုး၊ ပစ္စင်၊ ရင်တားများ၊ အစောင့်စစ်သည်များနှင့်တကွ အခိုင်အမာကာကွယ်ထားခဲ့သည့်တိုင်အောင် အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင် ရောက်ခံခဲ့ရကြောင်း မှတ်သားခဲ့ရဖူးသည်။ ဆိုလိုသည်မှာ နယ်မြေတစ်ခု သို့မဟုတ် တိုင်းပြည်နိုင်ငံတစ်ခုကို ကာကွယ်မှုတွင် အဓိကကျသည်မှာ သက်မဲ့နံရံတံတိုင်းများမဟုတ်ဘဲ  သက်ရှိနိုင်ငံသား၊  တိုင်းသူပြည်သား များပင်ဖြစ်သည်။ နိုင်ငံကာကွယ်ရေး၊ ရပ်ရွာလုံခြုံရေးတို့အတွက် သက် ဆိုင်ရာအဖွဲ့အစည်းများရှိနေသည့်တိုင် နိုင်ငံအပေါ် သစ္စာစောင့်သိရိုသေ သော နိုင်ငံသူ  နိုင်ငံသား၊ တိုင်းသူ  ပြည်သားများ၏  မိမိတို့နိုင်ငံအပေါ် ကာကွယ်ရေးနှင့် လုံခြုံရေးသတိတို့က  နိုင်ငံအတွက်  ကြီးမားလှသော မဟာအင်အားဟု ဆိုနိုင်ပါကြောင်း။         ။

No comments:

Post a Comment