Tuesday, November 29, 2016

ကချင်ပြည်နယ် စစ်ရှောင်စခန်းများသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆက်လက်ထောက်ပံ့မည်


 
 
နေပြည်တော် နိုဝင်ဘာ ၂၈

စစ်ရှောင်စခန်းရှိ ပြည်သူများအတွက် လစာရိက္ခာ တိုးမြှင့်ကူညီပံ့ပိုးနိုင်ရန်၊ အလုပ်အကိုင်ရှာဖွေ ဖန်တီးနိုင်ရန်၊ နေရာ အခန်းများ တိုးချဲ့ဆောက်လုပ်နိုင်ရန်၊ လုပ်ကိုင်စားသောက်ရန် သင့်တင့်သော မြေနေရာ၌ အိမ်၊ ခြံမြေကွက်များ ဖော်ဆောင်ပေးနိုင်ရန် စသည့် လိုအပ် ချက်များကို ပြည်နယ်အစိုးရထံ ညှိနှိုင်း ဆောင်ရွက်ထားပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြား သည်။

အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဇယ်ခေါင်၏ ကချင်ပြည်နယ်အတွင်းရှိ အစိုးရ အုပ်ချုပ် မှု နယ်မြေအတွင်း စစ်ရှောင်စခန်းများကို လစာရိက္ခာ တိုးမြှင့်ကူညီပေးနိုင်ရေး၊ အလုပ်အကိုင်ရှာဖွေဖန်တီးနိုင်ရေး၊ နေရာ အခန်းများကို တိုးချဲ့ဆောက်လုပ်ပေးနိုင် ရေးနှင့် လုပ်ကိုင်စားသောက်ရန် သင့်တင့် သော မြေနေရာတွင် သင့်တင့်သော အကျယ်အဝန်းရှိ အိမ်၊ ခြံ မြေကွက်များ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါ အတိုင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင် ကျောင်း ၂ဝ၁၁ - ၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အထိ ကချင်ပြည်နယ် ကယ်ဆယ်ရေးစခန်း များမှ သင်တန်းသား ၉၁၈ ဦးကို အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် သင်ကြားပေးခဲ့ပါ ကြောင်း၊ စစ်ရှောင်စခန်းရှိ မိသားစုဝင် များ၏ လိုအပ်ချက်များ၊ စစ်ရှောင်စခန်း များမှ အခန်းမလုံလောက်မှုများ တင်ပြ လာပါက အခန်းတိုးချဲ့ ဆောက်လုပ်နိုင် ရန် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာန များ၊UNHCR, NGOs, INGOs များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင် စခန်းများသို့ ရိက္ခာထောက်ပံ့ပေးမှုများ ကို အမျိုးသား သဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ နေရာ ချထားဆောင်ရွက်နိုင်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် အတွက်လည်း ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ငွေကြေးရင်းနှီးမြှုပ်နှံ ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ စစ်ရှောင် စခန်းမှ ပြောင်းရွှေ့နေထိုင်သူများအား ငွေပျော်စံပြကျေးရွာ၌ နေရာချထားပေး သည့်အပြင် အခြားနေရာများ၌လည်း ထပ်မံတိုးချဲ့နိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ ဒေါ်နန်းမိုးမိုးထွေး၏ ပြည်ပသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နိုင် ရန်အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် အဆင့်ဆင့်ကြန့်ကြာမှုများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ပသို့သွားရောက် လုပ်ကိုင်ကြမည့် အလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်ကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် အညီ ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ အလုပ် သမားစေလွှတ်သည့် အေဂျင်စီများ အတွက် ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများနှင့် လိုက်နာရမည့် စည်းကမ်း များကိုလည်း စနစ်တကျချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းသည် ပြည်ပသို့ အလုပ်သမား စေလွှတ်မှု လုပ်ငန်းစဉ်များ ပိုမိုစနစ်တကျ ဖြစ်စေရန်၊ အလုပ်သမားများကို ပိုမို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ လုံခြုံ စိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရန်၊ ခေတ်ကာလနှင့် လိုက်လျော ညီထွေဖြစ်စေရန် ရည်ရွယ်ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း။

လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါဝင်သည့် လုပ်ငန်းစဉ်များ မှာ ဝန်ကြီးဌာနက သတ်မှတ်ပြီး ဆောင် ရွက်နေသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ချမှတ်ထားသည့် လုပ်ငန်း စဉ်သည် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ခွင့်ကို ပညာရေး၊ ကျန်းမာရေး နှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခင်က ကော်မတီအစည်းအဝေးကို နှစ်ပတ်လျှင် တစ်ကြိမ် ကျင်းပခဲ့သော်လည်း လုပ်ငန်း များ ပိုမိုမြန်ဆန်စေရန်အတွက် ၂ဝ၁၆ ခုနှစ် မေလမှစတင်၍ အပတ်စဉ် အင်္ဂါနေ့ တိုင်း ပြုလုပ်ပြီး တာဝန်ရှိသူများအနေ ဖြင့် အချိန်ကြန့်ကြာမှုကို လျော့နည်း စေရေးအတွက် ဖြေလျှော့ပေးလျက် ရှိပါကြောင်း။

ထို့အပြင် အလုပ်သမားစေလွှတ် မည့် အေဂျင်စီများဘက်မှ အလုပ်ခေါ်စာ မူရင်း၊ အလုပ်သမား သံအရာရှိ၏ ထောက်ခံချက် သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံချက်၊ အေဂျင်စီ၏ ဝန်ခံကတိပြုချက်၊ မြန်မာ၊ အင်္ဂလိပ်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားတို့ဖြင့် ချုပ်ဆိုထားသည့် စံအလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့် ထားခြင်းဆိုင်ရာ သဘောတူစာချုပ်၊ လုပ်ငန်းခွင်၏ ဓာတ်ပုံနှင့် အလုပ်သမား ၏ နိုင်ငံကူးလက်မှတ်တို့ကို အလုပ်သမား စေလွှတ်မည့် အေဂျင်စီထံမှ တောင်းခံ ပါကြောင်း၊ အဆိုပါ စာရွက်စာတမ်းများ တောင်းခံရခြင်းသည် အလုပ်ခေါ်စာများ စိစစ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက် သည့်နေရာတွင် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံများသို့ စေလွှတ်မည့် အလုပ်သမား များ အလုပ်ခေါ်စာများ မှန်ကန်ရေး၊ အဆိုပါ နိုင်ငံများရှိ အလုပ်သမား သံအရာရှိများက စိစစ်ထောက်ခံပြီးမှသာ ဝန်ကြီးဌာနသို့ တင်ပြရပါကြောင်း၊ အခြားနိုင်ငံများသို့ စေလွှတ်မည့် အလုပ် သမားများအတွက် တင်ပြလာသည့် အလုပ်ခေါ်စာများကို အလုပ်သမားများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် လုပ်ငန်းခွင်၊ လုပ်ခလစာရရှိမှုနှင့် အမှန်တကယ် လုပ်သားလိုအပ်မှု ရှိ၊ မရှိ တို့ကို စိစစ်ရန် လိုအပ်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများကို ပေးပို့ပြီး စိစစ်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါကြောင်း၊ အေဂျင်စီများထံမှ အလုပ်ခေါ်စာ မူရင်းတောင်းခံရခြင်း သည် အလုပ်ခေါ်စာအတုဖြင့် တင်ပြမှု များ မရှိစေရန်အတွက် ဖြစ်ပါကြောင်း၊ ခေါ်ယူမည့် အလုပ်သမား အရေအတွက်၊ စာချုပ်သက်တမ်းနှင့် အလုပ်အကိုင် အမျိုးအစား၊ သက်ဆိုင်ရာ နိုင်ငံဥပဒေ အရ သတ်မှတ်ထားသည့် လုပ်ခလစာနှင့် ဖြတ်တောက်ငွေများကို ဝန်ကြီးဌာနနှင့် အလုပ်သမားများ သိရှိနိုင်ရန် ဖြစ်ပါ ကြောင်း၊ အလုပ်သမား သံအရာရှိ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံး၏ ထောက်ခံချက် တောင်းခံရခြင်း သည် အလုပ်ခေါ်စာတွင် ပါရှိသည့် လုပ်ငန်းခွင် အခြေအနေများသည် အမှန်တကယ် မှန်ကန်မှု ရှိ၊ မရှိ၊ အလုပ် သမားများ အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိ နှင့် မြန်မာအလုပ်သမားများအတွက် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင် အမျိုးအစား ဟုတ်၊ မဟုတ် သိရှိနိုင်ရန် အတွက် ဖြစ်ပါကြောင်း။
ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများက အလုပ်သမားများ စေလွှတ်ရန်အတွက် ပြည်ပမှ အလုပ် သမားခေါ်ယူသည့် အလုပ်ခေါ်စာများ တင်ပြရာတွင် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်မှုမရှိခြင်း၊ အချက်အလက် မပြည့်စုံ၍ အေဂျင်စီများသို့ ပြန်လည် တောင်းခံရာတွင် အချိန်မီပေးပို့မှု မရှိခြင်း၊ သတ်မှတ်အချိန်အတွင်း စာရွက်စာတမ်း၊ သက်သေခံ အထောက်အထားများ မှန်ကန်ပြည့်စုံစွာ တင်ပြခြင်းမရှိသည့် အတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်နေသည့်ကြားမှ အချို့ အေဂျင်စီများသည် တရားမဝင်ပွဲစားများ နှင့်ပေါင်း၍ ကိုယ်ကျိုးစီးပွားကိုသာ စဉ်းစားဆောင်ရွက်သည့်အတွက် အလုပ် သမားများ နစ်နာမှုများ၊ ခေါင်းပုံဖြတ်ခံ ရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စိစစ် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်အထိ လိုင်စင် အပြီးရုပ်သိမ်းထားသည့် အေဂျင်စီ ၁၈ ခု၊ အချိန်ကာလဖြင့် ရုပ်သိမ်းထားသည့် အေဂျင်စီ ၁၃ ခု၊ အမှု ဖြစ်ပွား၍ ရပ်ဆိုင်းထားသည့် အေဂျင်စီ ၁၃ ခုနှင့် စည်းကမ်းချက်များကို ဖောက် ဖျက်သည့်အတွက် သတိပေးလက်မှတ် ထိုးထားသည့် အေဂျင်စီများလည်း ရှိပါ ကြောင်း၊ ထို့ကြောင့် စေလွှတ်မည့်နိုင်ငံ အလိုက် အလုပ်ခေါ်စာများ၏ အထောက် အထား ပြည့်စုံမှန်ကန်မှုကိုမူတည်၍ စိစစ် သည့် အချိန်ကြာမြင့်မှုများသည် ကွဲပြား မှုအနည်းငယ် ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အေဂျင်စီများ၏ စည်းကမ်း လိုက်နာမှု၊ အလုပ်သမားများ၏ ကုန်ကျ စရိတ်အနည်းဆုံးနှင့် ပြည်ပသို့ လုံခြုံ စိတ်ချစွာ သွားရောက်အလုပ်လုပ်ကိုင် နိုင်မှု၊ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအရ အကာအကွယ်နှင့် အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် စိတ်ချယုံကြည်မှုရှိ မည့် အခြေအနေများ တိုးတက်လာပါက ဖြေလျှော့မှုများ ပြုလုပ်ပေးရန် အသင့်ရှိ ပါကြောင်း ဖြေကြားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဖေတင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၉)မှ ဦးမောင်မောင်လတ် တို့၏ ပညာရေးကဏ္ဍ၊ လေလွင့်ကလေး ငယ်များနှင့် နယ်စပ်ဝင်ထွက်ပေါက် ဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေးနှင့် ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရ သည်။ (သတင်းစဉ်)

No comments:

Post a Comment