
ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာကင်းထောက်ရာပြည့်အထိမ်းအမှတ် အကြိုဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားတွင် အထက(၂)လသာ ကင်းထောက်များက ဘင်ခရာနှင့် ပန်းဖွားအက၊ တက္ကသိုလ်ကင်းထောက်များက ကင်းထောက်စွမ်းရည် လေ့ကျင့်ခန်းများဖြင့် သရုပ်ပြကြပြီး တက္ကသိုလ်ရိုဗာကင်းထောက်ကြီး ဆရာကြီးဒေါက်တာဦးသန်းဦး ၊ အမျိုးသမီး ကင်းထောက်ကြီး ဒေါ်ဘာဘရာအိုး၊ မြန်မာနိုင်ငံအမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တက္ကသိုလ်စိန်ရတုခန်းမ တတိယထပ်၌ ကင်းထောက်ကြီးများတွေ့ဆုံပွဲပြုလုပ်ရာ အထက(၁)ဒဂုံမှ ကင်းထောက်လူငယ်မောင်မယ်များက ''ပြည်သူ့အတွက် အစဉ်အသင့်'' သီချင်းသီဆိုကာ ကွယ်လွန်ခဲ့ကြပြီဖြစ်သော ကင်းထောက်အကြီးအကဲများ၊ ကင်းထောက်ဆရာကြီးများ၏ဂုဏ်ကိုရည်မှန်း၍ ငြိမ်သက်စွာ ဂါရဝပြုမေတ္တာပို့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားကင်းထောက်ကြီး ဆရာကြီးဒေါက်တာဦးသန်းဦးနှင့် အမျိုးသမီး ကင်းထောက်ကြီး ဒေါ်ဘာဘရာအိုးတို့က အမှတ်တရစကားများ ပြောကြားကြကာ အမျိုးသားကင်းထောက်ကြီးများနှင့် အမျိုးသမီးကင်းထောက်ကြီးများက အဖွဲ့လိုက်တေးသီချင်းများသီဆိုပြီး အထက(၁)လသာ ကင်းထောက်လူငယ် များက ''ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း'' တေးသီချင်းဖြင့် ဖျော်ဖြေ ကြသည်။
မွန်းလွဲပိုင်းတွင် အထက(၁)ဒဂုံမှ သံစုံတီးဝိုင်းနှင့် အထက(၆)ဗိုလ်တထောင်မှ မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မြန်မာနိုင်ငံကင်းထောက်ရာပြည့်အထိမ်းအမှတ်အဖြစ် အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ (ရိုဗာကင်းထောက် ကြီး)ဂုဏ်ပြုရေးစပ်သည့် ''ကင်းထောက်ဂုဏ်ရည်''တေးသီချင်းကို မြန်မာ့ ရိုးရာတိုင်းရင်းသား အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကင်းထောက်လူငယ်မောင်မယ်များက ဖျော်ဖြေကြသည်။
ထို့နောက် မြန်မာနိုင်ငံကင်းထောက်ကြီး သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က မြန်မာကင်းထောက်ရာပြည့် အထိမ်းအမှတ်အကြိုဂုဏ်ပြုစကားပြောကြားကာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်ညို၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာကိုယ်စားလှယ် Mr.Wendel E.Avisado နှင့် ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့ ဒေသဆိုင်ရာကိုယ်စားလှယ် Ms. Kuniko Tatamitani တို့က မြန်မာနိုင်ငံကင်းထောက် နှစ်(၁ဝဝ)ပြည့် လှုပ်ရှားမှုနှင့် ကမ္ဘာ့ကင်း ထောက်အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့များ၏ ပူးပေါင်း ကူညီမှုများကို ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ အာရှပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ်များက မြန်မာ နိုင်ငံကင်းထောက်ကြီး သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုတို့အား မြန်မာနိုင်ငံကင်းထောက် နှစ် (၁ဝဝ)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုအမှတ်တရ ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အကောင်းဆုံးအမျိုးသားကင်းထောက်ကင်းစိတ်ဆုရသည့် အထက (၁)လသာ ကင်းထောက်အဖွဲ့၊ အကောင်းဆုံး အမျိုးသမီးကင်းထောက် ကင်းစိတ်ဆုရ အထက(၁)ဒဂုံအဖွဲ့တို့အား မြို့တော်ဝန်၏ကင်းစိတ်အလံ ပေးအပ်ချီးမြှင့်ကာ တက္ကသိုလ်ကင်းထောက် မောင်မယ်များက ''ငြိမ်းချမ်းရေးတမန်''တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမိသားစုကင်းထောက် မောင်မယ်များက တေးသီချင်းများ၊ ယိမ်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ ကင်းစတားအငြိမ့်တို့ဖြင့် မြန်မာကင်းထောက်ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုဖျော်ဖြေကြသည်။
မြန်မာကင်းထောက်ရာပြည့်အထိမ်းအမှတ် အကြိုအခမ်းအနားကျင်းပသည့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မြေညီထပ်၌ မြန်မာနိုင်ငံအမျိုးသား ကင်းထောက်အဖွဲ့ ပြခန်း၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့ပြခန်း၊ ကင်းထောက်လှုပ်ရှားမှု ခရိုင်အလိုက်ပြခန်းများ၊ ရန်ပုံငွေစားသောက်ဆိုင်များ၊ အထိမ်းအမှတ်ပစ္စည်း အရောင်းပြခန်းများ ဖွင့်လှစ်ပြသထားသည်။
ကိုလတ် (သတင်းစဉ်)၊ ဓာတ်ပုံ - ဇော်မင်းလတ်
No comments:
Post a Comment