Thursday, November 3, 2016

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဂျပန်ယန်းဘီလီယံ ၄ဝ ကူညီမည် ဂျပန်နိုင်ငံမှ ကူညီမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအထောက်အပံ့များကို ပွင့်လင်းမြင်သာစွာ အသုံးပြုသွားမည်



The Mirror Daily's photo.
တိုကျို နိုဝင်ဘာ ၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ယနေ့ ညနေပိုင်းတွင် တိုကျိုမြို့ရှိ Akasaka State Guest House ၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် တို့ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်ရေး၊ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်ဖက်လူငယ်များအကြား အပြန်အလှန် ဖလှယ်ရေးနှင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းစဉ်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံမှ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုပိုမိုလာရောက်ရေး၊ ပြည်သူများအကြား ချစ်ကြည်ရေးနှင့် အပြန်အလှန်ဖလှယ်မှုများမှတစ်ဆင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရေးအစရှိသည့် ကဏ္ဍများတွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် တိုင်းရင်းသားလူမျိုးများနေထိုင်သည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (၅)နှစ်အတွင်း ဂျပန်ယန်းငွေ ဘီလီယံ ၄ဝ ကို အကူအညီပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ''ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်း'' "Japan-Myanmar Cooperation Program" ကို မူတည်ပြီး အစိုးရအထောက်အပံ့များဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အားလုံးပေါင်း၍ (၅)နှစ်အတွင်း ဂျပန်ယန်းငွေ ဘီလီယံ ၈ဝဝ ပမာဏဖြင့် အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများကို အထောက်အကူပြုစေရန် လုပ်ငန်းအမျိုးမျိုးကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အဆက် အကူအညီများပေးအပ်ခဲ့သည့်အတွက် ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း၊ ဂျပန်နိုင်ငံမှ အကူအညီ ပေးမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအထောက်အပံ့များကို ပွင့်လင်းမြင်သာ စွာဖြင့် ငြိမ်းချမ်းရေးရရှိမည့် လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ဂျပန်အစိုးရထောက်ပံ့ငွေများဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပေါ် အကူအညီပေးမည့်လုပ်ငန်းများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ လိုအပ်လျက်ရှိသော လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်လုံလောက်စွာရရှိရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကဏ္ဍများတွင် အကျိုးရှိစွာ ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် တို့သည် နှစ်နိုင်ငံ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ဖလှယ်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ''မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ဂျပန် ပြည်ပ ပူးပေါင်းဆောင်ရွက်မှု လုပ်အားပေးများစေလွှတ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ လုပ်အားပေးများ စေလွှတ်ရေးဆိုင်ရာ စာချွန်လွှာ'' (Exchange of Notes the dispatch of volunteers to the Republic of the Union of Myanmar under the Japan Overseas Volunteers Programme Between the Government of the Republic of the Union of Myanmar and the Government of Japan) အား မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတိရှိ ဟိဂုချိ တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဂျပန်ဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ Rihga ဟိုတယ်၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တိုကျိုမြို့ရှိ မြန်မာသံရုံး၌ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
(သတင်းစဉ်)

No comments:

Post a Comment