Wednesday, November 2, 2016

မြန်မာ့စီးပွားရေးတိုးတက်ဖို့ လမ်းစများ

မြန်မာ့အလင်း အယ်ဒီတာ အာဘော်

ဘဏ္ဍာရေးကော်မရှင် (၂/၂ဝ၁၆) အစည်းအဝေးကို နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် နိုင်ငံ့ စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရ ဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုရှိရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေရေးကြေးရေးနယ်ပယ်တွင်
ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက
ပြောကြားခဲ့ပါသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံအတွင်း အခွန်ထမ်းဆောင်မှု အများဆုံးလုပ်ငန်းရှင် ၁၅ဝ ကျော် တွေ့ဆုံပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရသစ်လက်ထက်တွင် စီးပွားရေး နှေးကွေးမှုဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။ ယခု ဘတ်ဂျက် နှင့်ပတ်သက်၍ ပြင်ဆင်ခဲ့ရခြင်းများကြောင့် အစိုးရ၏ ငွေလုံး ငွေရင်းအသုံးစရိတ်များ အပြောင်းအလဲရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲ ရသည့်အတွက် ပြည်တွင်းဈေးကွက်တွင် သက်ရောက်မှုအချို့ ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ယနေ့ ကမ္ဘာ့စီးပွားရေးအခြေအနေသည် တိုးတက်မှုနှေးကွေးနေသည့် အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိသည်။ ကမ္ဘာတွင် ဝေါလ်မတ်တော်လှန်ရေး (Walmart Revolution) ခေတ်ကုန်ဆုံးပြီ ဟု ဆိုလာကြသည်။

၁၉၉ဝ ပြည့်နှစ်လွန်ကာလများက ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေး နှစ်ဆတိုးလာခဲ့သည်။ ထိုစဉ်က ဥရောပသည် ညီညွတ်ခဲ့ကြသည်။ တရုတ်ပြည်သည် စက်ရုံမြို့တော်ဖြစ်ခဲ့သည်။ ကုန်သွယ် ခွန်များ လျော့ကျခဲ့သည်။ ပို့ဆောင်ခများ တစ်ဟုန်ထိုးကျဆင်းခဲ့သည်။ ၄င်းမှာ ဝေါလ်မတ်ခေတ် ဖြစ်သည်။ ယခုအပြောင်းအလဲများ ဖြစ်လာသည်။ ကမ္ဘာ့စီးပွားရေးတွင် တရုတ်ပြည်၏ အခန်းကဏ္ဍသည်လည်း ပြောင်းလဲလာ သည်။ ပြီးခဲ့သည့်နှစ်IMF ၏အစီရင်ခံစာအရ 'Made in China' အမှတ်တံဆိပ်ပါ သွင်းကုန်များမှာ ၁၉၉ဝ ပြည့်နှစ်က ၆ဝ ရာခိုင်နှုန်းလောက် ရှိရာမှ ယခုအခါ ၃၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားသည်ဟု ဆိုသည်။ ယခုရက်ပိုင်းအတွင်း တောင်ကိုရီးယား သင်္ဘောကုမ္ပဏီတစ်ခု ဒေဝါလီခံခဲ့ရာ အာရှမှ အမေရိကန်သို့ တင်ပို့နေသောကုန်စည်များ ခေတ္တရပ်တန့်မှုများ ဖြစ်သွားခဲ့ရသည်။ ဤသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်း တုံ့ဆိုင်းလာခြင်း၏ လက္ခဏာတစ်ခုအဖြစ် ဖော်ပြကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့စီးပွားရေး နှေးကွေးကျပ်တည်းနေသည့် ယခုအချိန်တွင်နိုင်ငံတော်၏ ဘဏ္ဍာငွေများ ကို သုံးစွဲရာ၌ စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့်ပတ်သက်၍ လည်း ပွင့်လင်းမြင်သာမှုမြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် သမ္မတက မှာကြားသွားခြင်းဖြစ်သည်။
လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရိုစီးပွားရေး အခြေအနေအရ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)သည် ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ပြီး စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ လျော့နည်းရခြင်းသည် လယ်ယာကဏ္ဍတွင် သဘာဝဘေးကြောင့် ကုန်ထုတ်ကျဆင်းခြင်း၊ သစ်တောကဏ္ဍတွင် သစ်ထုတ်လုပ်မှုများ လျှော့ချထားခြင်း၊ စွမ်းအင်ကဏ္ဍတွင် ကမ္ဘာနှင့်အဝန်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းမှုကြောင့် ရငွေလျော့နည်း သွားခြင်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လျော့နည်းစေရန် စီမံဆောင်ရွက်မှုကြောင့် ထုတ်လုပ်မှု လျော့နည်းခြင်းများကြောင့်ဖြစ်ကြောင်း ပြောကြားသွားသည်။

ယခုမြန်မာနိုင်ငံ၏ ခန့်မှန်းထားရှိသည့် GDP တန်ဖိုးမှာ ကျပ်ငွေ ဘီလီယံ ရှစ်သောင်းကျော်ကျော်ဖြစ်ပြီး ဘတ်ဂျက်လိုငွေမှာ ကျပ်ငွေ ဘီလီယံ လေးထောင်ကျော်ကျော်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် လိုငွေနှင့်GDP အချိုးမှာ ၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရပါသည်။ သို့သော် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုအရ ဖြည့်စွက်ခွင့်ပြုငွေကျပ် ၂၅၇ ဒသမ ၂၇၄ ဘီလီယံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ အနေဖြင့် ရရှိမည့်ဘဏ္ဍာငွေအရင်းအမြစ်နှင့် ခွဲဝေပေးထားသည့် ဘဏ္ဍာ ငွေများကို မိမိတို့ဒေသအတွက် အကျိုးရှိထိရောက်စွာ အသုံးပြုသွားကြရန် လိုကြောင်းလည်း ဒုတိယသမ္မတက ပြောကြားပါသည်။
ယခု နိုင်ငံစီးပွားရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ သို့သော် နိုင်ငံတော်ခေါင်းဆောင်များက အခြေအနေကို အမှန်အတိုင်း သိမြင်ခြင်းက မှန်ကန်သောမူဝါဒများ၊ လုပ်ငန်းလမ်းညွှန်များ ချမှတ်ခြင်း အတွက်များစွာအကျိုးရှိမည် ဖြစ်ပါသည်။ တစ်ဖက်တွင် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများ ပယ်ဖျက်ပေးခြင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်းတို့ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစဖြစ်လာနိုင်ပါသည်။ အခြားတစ်ဖက်မှ ကြည့်လျှင်လည်း နိုင်ငံ စီးပွားရေးကို အကျိုးပြုနိုင်သည့်စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့် အဝရှိရန် အရေးကြီးပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment