Thursday, November 3, 2016

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်ထိ ပြသရောင်းချသွားမည်



Image may contain: 1 person
နေပြည်တော် နိုဝင်ဘာ ၂
အမေရိကန်အစိုးရအနေဖြင့် ကျောက်စိမ်း၊ ပတ္တမြားနှင့် လက်ဝတ်ရတနာများ အပါအဝင် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းပြီးဖြစ်၍ အနောက်ဥရောပ နိုင်ငံများမှ ရတနာကုန်သည်များပါ လာရောက်နိုင်သည့်အတွက် ရတနာပြပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပ နိုင်ရေးနှင့် ပြပွဲဆိုင်ရာလုပ်ငန်းများတွင် အားနည်းမှု မရှိစေရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် ၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ထိုသို့ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ကျောက်မျက်ရတနာပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်၊ အားနည်း ချက်များကို ပြန်လည်သုံးသပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းအမျိုးအစားများအလိုက် လျာထား အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်း တင်ပြနိုင်ရေးကို ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်ထိ ပြသရောင်းချသွားမည် ဖြစ်သည်။
ပြပွဲတွင် ကျောက်မျက်အတွဲများကို နိုဝင်ဘာ ၂ဝ ရက်မှ၂၁ ရက်ထိ လေ့လာကြည့်ရှုနိုင်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
ထို့ပြင် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၂ ရက်ထိ ကြည့်ရှုလေ့လာနိုင်ပြီး နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကာ နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်ထိ ဈေးပြိုင် စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ယခု ကျင်းပမည့် ၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲသည် နိုင်ငံခြားငွေဖြင့် ပြသရောင်းချသည့် ပြပွဲ ၉ဝ ပြည့်မြောက်သည့်ပွဲ ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment