Wednesday, November 30, 2016

ဂျိန်းစ်ဘွန်းရုပ်ရှင်တွေမှာ ပါဝင်ချင်သေးတယ်လို့ဆိုလာတဲ့ ရော်ဂျာမိုး

Image may contain: 1 person , eyeglasses, suit and text
ဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးသော စုံထောက်ဇာတ်လမ်းတွေလို့ ဆိုနိုင်တဲ့ ဂျိန်းစ်ဘွန်းရုပ်ရှင်တွေမှာ ဂျိန်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား တွေအနက် တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားကြီး ရော်ဂျာမိုးက နောင်ရိုက်ကူးမယ့်ဂျိန်းစ်ဘွန်းရုပ်ရှင်တွေမှာ သူကိုထည့်သွင်းရိုက်ကူးဖို့ ဂျိန်းဘွန်းရုပ်ရှင်အသိုင်းအဝိုင်းကို အကြံဥာဏ်ပေးခဲ့တယ်လို့ အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းရဲ့ဖော်ပြချက်အရ သိရပါတယ်။
လတ်တလောမှာ အသက်(၈၉)နှစ်ရှိပြီဖြစ်တဲ့ တစ်ချိန်က ဂျိန်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုးက နောင်ရိုက်ကူးသွားမယ့် ဂျိန်းစ်ဘွန်းရုပ်ရှင်တွေမှာ သူ့ကိုထည့်သွင်းရိုက်ကူးသွားစေလိုကြောင်းနဲ့ ဂျိန်းစ်ဘွန်းအဖြစ်မဟုတ်ဘဲ အခြားဇာတ်ကောင်နေရာက ပါဝင်ရမယ်ဆိုပါကလည်း သူ့အနေနဲ့ ပါဝင် ချင်သေးကြောင်း ဖွင့်ဟခဲ့တယ်လို့ သိရပါတယ်။
မင်းသားကြီး ရော်ဂျာမိုးဟာ ၁၉၇၃ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ဂျိန်းစ်ဘွန်းရုပ်ရှင်တွေမှာ အလွတ်စုံထောက် ဝဝ၇ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ ဂျိန်းစ်ဘွန်းမင်းသားတွေအနက် ကျော်ကြားတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပြီး စုစုပေါင်းဂျိန်းစ်ဘွန်းရုပ်ရှင် ခုနစ်ကားမှာ အဓိကဇာတ်ဆောင် ဂျိန်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
ဂျိန်းစ်ဘွန်းအဖြစ် ပါဝင်ခဲ့တဲ့ ရော်ဂျာမိုးရဲ့ရုပ်ရှင်တွေကတော့ ၁၉၇၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ''Live and Let Die''၊ ၁၉၇၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ''The Man with the Golden Gun''၊ ၁၉၇၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ''The Spy Who Loved Me''၊ ၁၉၇၉ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ ''Moonraker''၊ ၁၉၈၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ''For Your Eyes Only''၊ ၁၉၈၃ ခုနှစ်မှာ ရိုက်ကူး ခဲ့တဲ့ ''Octopussy'' နဲ့ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ''A View to a Kill'' တို့ပဲ ဖြစ်ကြပါတယ်။ မင်းသားကြီး ရော်ဂျာမိုးဟာ အသက်(၅၇)နှစ်အရွယ်မှာ ဂျိန်းစ်ဘွန်းရုပ်ရှင်ရိုက်ကူးခြင်းတွေကနေ အနားယူခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ရော်ဂျာမိုးက သူ့အနေနဲ့ ဂျိန်းစ်ဘွန်းမင်းသားတွေအနက် မင်းသားကြီး ရှောင်ကွန်နရီနဲ့ လတ်ရှိဂျိန်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ် ခရက်ဂ်ျတို့နှစ်ဦးကို နှစ်သက်သဘောကျကြောင်းလည်း ဆိုခဲ့ပါတယ်။ ရှောင်ကွန်နရီဟာ ပထမဆုံးဂျိန်းစ်ဘွန်းမင်းသားကြီးဖြစ်ပြီး ၁၉၆၂ ခုနှစ်က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ပထမဆုံးဂျိန်းစ်ဘွန်းရုပ်ရှင် ''Dr. No''အပါအဝင် စုစုပေါင်း ဂျိန်းစ်ဘွန်းရုပ်ရှင်ငါးကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်ကစတင်ပြီး ဂျိန်းစ်ဘွန်းတစ်ဦးဖြစ်လာခဲ့တဲ့ ဒန်နီရယ်ခရက်ဂ်ျ ကတော့ ၂ဝ၁၅ ခုနှစ်အတွင်းက နောက်ဆုံးထွက်ရှိထားတဲ့ ဂျိန်းစ်ဘွန်းရုပ်ရှင် ''Spectre'' အပါအဝင် လတ်တလောအချိန်အထိ ဂျိန်းစ်ဘွန်းရုပ်ရှင် လေးကားကို ပါဝင်ရိုက်ကူးခဲ့ပြီးဖြစ်ကာ လာမယ့်ဂျိန်းစ်ဘွန်းရုပ်ရှင်သစ်မှာလည်း ဂျိန်းစ်ဘွန်းအဖြစ် ပါဝင်ထားပါတယ်။
လတ်တလောအချိန်အထိ ဂျိန်းစ်ဘွန်းရုပ်ရှင်ပေါင်း ၂၄ ကား ရိုက်ကူး ခဲ့ပြီးဖြစ်ကာ ဂျိန်းစ်ဘွန်းမင်းသား ခုနစ်ဦးပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် ဂျိန်းစ်ဘွန်းရုပ်ရှင်သစ်ကို ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိဖို့ စီစဉ်ထားပြီး အဆိုပါရုပ်ရှင်သစ်မှာ ဒန်နီရယ်ခရက်ဂ်ျပါဝင်မှာမဟုတ်ကြောင်း ကောလာဟလတွေထွက်ရှိခဲ့ပေမယ့် အဆိုပါကောလာဟလတွေဟာ မဟုတ်မှန်ကြောင်း နောက်ပိုင်းမှာ အတည်ပြုပြောကြားခဲ့တာကြောင့် လာမယ့် ဂျိန်းစ်ဘွန်းရုပ်ရှင်မှာလည်း မင်းသားကြီး ဒန်နီရယ်ခရက်ဂ်ျကိုပဲ ဂျိန်းစ်ဘွန်း အဖြစ် မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။
အေးပြည့်စုစည်းရေးသားသည်

No comments:

Post a Comment