Wednesday, November 2, 2016

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အတွေ့အကြုံများကိုအခြေခံ၍ ကြိုတင်ပြင်ဆင်မှုနှင့် ကြုံတွေ့ရမည့်အခက်အခဲများကို အကောင်းဆုံးစီမံခန့်ခွဲနိုင်မည်ဖြစ်



Image may contain: 1 person , indoor
နေပြည်တော် နိုဝင်ဘာ ၁
ဘေးဒဏ်မှလျော့နည်းသက်သာရန် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဘေးအန္တရာယ် ဖြစ်လာပါက ချက်ချင်းစီမံဆောင်ရွက်ခြင်းထက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားခြင်းဖြင့် ဘေးမဖြစ်မီ၊ ဘေး ဖြစ်ဆဲ၊ ဘေးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အချိတ်အဆက်မိမိနှင့် လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်အလိုက် ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာစီမံချက်များကို မိမိဒေသ၏ လိုအပ်ချက်နှင့်အညီရေးဆွဲပြုစုထားကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (၂/၂ဝ၁၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပစဉ် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ယနေ့ကာလသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အရှိန်မြှင့်တင်ဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း၊ ဘက်စုံကဏ္ဍစုံမှ ပြောင်းလဲတိုးတက်မှုများကို ဖော်ဆောင်လျက်ရှိရာတွင် သဘာဝဘေးဒဏ်အား ကြံ့ကြံ့ခံနိုင်မှုမရှိပါက ထိခိုက်ဆုံးရှုံးမှု များပြားသကဲ့သို့ ပြန်လည် ထူထောင်မှုပြုသည့်နေရာတွင်လည်း အချိန်အား၊ ငွေအား၊ အရင်းအမြစ်အင်အား အများအပြား အသုံးပြုရမည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် သဘာဝဘေးဖြစ်ပွားခဲ့မှု ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်ပါက အယ်နီညိုရာသီဥတုနှင့် ဆက်စပ်ဖြစ်ပေါ်ခဲ့သည့် ရေရှားပါးပြတ်လပ်မှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်သူကို မျက်မှောက်ပြု၍ ပံ့ပိုးကူညီခဲ့ကြသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ရေရှည်အတွက် ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းများ ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးသီးကြွေကျမှုနှင့် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များတွင် နေရာအနှံ့ ကျယ်ပြန့်စွာ ဘေးသင့်ခဲ့မှုကြောင့် ဘေးသင့်ချိန်နှင့် ထောက်ပံ့ချိန် ကွာခြားမှုနည်းရန် ကြိုးစားဆောင်ရွက်မှုခက်ခဲခြင်း၊ ဘေးဒဏ်ခံနေအိမ်များ ဆောက်လုပ်ရန် လိုအပ်ချက် ပိုမိုပေါ်လွင်ခြင်းတို့ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ရေဘေးဖြစ်ပွားမှုများတွင် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အမြန်ဆုံးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို အားသာချက်အနေဖြင့် တွေ့ရှိရသည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင် ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ဆောင်ရွက်ပေးရန် လိုအပ်ခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ များနှင့်စပ်လျဉ်း၍ ပျော့ပျောင်းသည့် မူဝါဒချမှတ်ပြီး ကူညီထောက်ပံ့ပေးရန် လိုလားချက်များ ရှိနေခြင်းတို့ကို တွေ့ရှိရပါကြောင်း။
အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ပြီးခဲ့သည့်လက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ခဲ့သော အမြန်ရေယာဉ် နစ်မြုပ်မှုတွင် နိုင်ငံ့ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ၏ အသက်များမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်ကို တွေ့ရှိကြမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးစသည့် ရေလမ်းကြောင်း အလေးထားအသုံးပြုရသော အရပ်ဒေသများတွင် အလားတူဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အလားတူဖြစ်စဉ်များ မဖြစ်ပွားရန် ဆက်နွှယ်ပတ်သက်သူများက လိုအပ်သည့်စည်းမျဉ်း စည်းကမ်းများ၊ ကြီးကြပ်ကွပ်ကဲမှုများ ဆောင်ရွက်သွားရန်လိုအပ်သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေအသုံးပြုပြီး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတိထားသင့်သည့် အချက်များကိုလည်း ယခုအစည်းအဝေးတွင် မှာကြားလိုပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အခန်း (၇)ပါပုဒ်မများအရ ငွေစာရင်းဖွင့်လှစ်ခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းများရေးဆွဲခြင်း၊ ရန်ပုံငွေများစီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အသုံးပြုခြင်း၊ ထိန်းသိမ်း ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းလိုအပ် ချက်အရ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တင်ပြတောင်းခံလာပါကလည်း လိုအပ်မှုအခြေအနေကိုစိစစ်ပြီး စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိပါကြောင်း၊ အဆိုပါရန်ပုံငွေမှ ထောက်ပံ့ပေးမှုများအားသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျသုံးစွဲသွားကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း ပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ယနေ့ကမ္ဘာ့နိုင်ငံများတွင် ပုံမှန်မဟုတ် ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကို တွေ့ရှိနေရပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ သဘာဝကြောင့်ဖြစ်သော Natural Disaster နှင့် လူတို့ကြောင့်ဖြစ်သော Man- made Disaster ဟု နှစ်မျိုးရှိပါကြောင်း၊ Natural Disaster တွင် မိုးလေဝသနှင့် ဇလဗေဒအကြောင်းအရာများကြောင့် ဖြစ်ပွားသော လေမုန်တိုင်း၊ ရေဘေး၊ ဘူမိဗေဒနှင့် ပထဝီ အနေအထားဆိုင်ရာ အခြေခံအကြောင်းအရာများကြောင့် မြေငလျင်၊ ဆူနာမီ၊ မြေပြိုဘေးများ ဖြစ်ပွားရသည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် တောမီးလောင်ခြင်း၊ မြူခိုးငွေ့ဘေးအန္တရာယ်များ ဖြစ်ပွားပါကြောင်း၊ Man-made Disaster တွင် Technological, Industrial Accident, Security Related များမှ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များ ပါဝင်ပါကြောင်း၊ မည်သည့်ဘေး အန္တရာယ်မဆို ကြိုတင်ပြင်ဆင်ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မမျှော်လင့်သောဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် အမြန်တုံ့ပြန်နိုင်ရေးအတွက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချပြီး ကြိုတင်ကာကွယ် ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းစသည့် အဆင့်လေးဆင့်ပါဝင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်ကို အရည်အသွေးပြည့်မီစွာ တည်ဆောက်၍ တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်နေမှု များ၊ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အပိုင်းက ပံ့ပိုးဆောင် ရွက်ပေးရန် လိုအပ်သည်များကို တင်ပြကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြီးခဲ့သည့်မိုးတွင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များ၊ နာဂဒေသအတွင်း ဖြစ်ပွားခဲ့သည့် ရောဂါများနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များကို နိုင်ငံတော်နှင့်အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေးဖြစ်စဉ်များအနက် ရေဘေးနှင့်ပတ်သက်သောဖြစ်စဉ်ကို ပြန်လည်ဆန်းစစ် ကြည့်သည့်အခါတွင် မိုးရွာသွန်းမှုများ၌ မိုးရေချိန်လက်မ ကွာခြားမှုရှိသည်ကို မတွေ့ရသော်လည်း မြစ်ချောင်းများ၏ မြစ်ကြမ်းပြင် မြင့်တက်လာမှုနှင့် နုန်းမြေပို့ချမှုများ လာသည်နှင့်အမျှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည် ကို တွေ့ရှိရပါကြောင်း၊ အဆိုပါနုန်းမြေပို့ချမှု ဖြစ်ပေါ်ရ ခြင်းသည် သစ်တောပြုန်းတီးမှုနှင့် ဓာတ်သတ္တုတူးဖော်မှုသည် အဓိကဖြစ်သည်ကို သုံးသပ်ရပါကြောင်း။
ရေရှည်ရင်ဆိုင်ကြုံတွေ့နေရမည့် ကိစ္စဖြစ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် ဆက်နွှယ်ဝန်ကြီးဌာနများကလည်း ဝိုင်းဝန်းပြီး နိုင်ငံ၏ အမျိုးသားရေးကိစ္စတစ်ရပ်အနေဖြင့် စဉ်းစားသုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် ငွေကျပ် ၂၂ ဘီလီယံကျော်ကို တင်ပြထား ပြီးရရှိလာမည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အတွေ့အကြုံများကိုအခြေခံ၍ လာမည့်အနာဂတ်ကာလအတွက် အကောင်းဆုံးကြိုတင် ပြင်ဆင်မှုနှင့် ကြုံတွေ့ရမည့်အခက်အခဲများကို အကောင်း ဆုံးစီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးတွင်လည်း အတွေ့အကြုံကောင်းတစ်ခုအနေဖြင့် မှတ်ယူပြီး အကောင်းဆုံး ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး အမျိုးသား ရေးတစ်ရပ်အနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပါက ယခုပြဿနာများကို ရင်ဆိုင်ကျော်လွှားဖြတ်သန်းကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment