အချိန်ကား နံနက် ၆ နာရီခန့်။
ဆောင်းရာသီနံနက်ခင်းဖြစ်သည့်အလျောက် ပတ်ဝန်းကျင် တစ်ခွင်လုံးအေးမြနေ၏။ ညပိုင်းကတစ်ညလုံး ဖျန်းပက်ထားသော နှင်းရည်နှင်းပေါက်တို့ကြောင့် မြက်ခင်းပြင်များ စိုရွှဲနေ၏။ အရှေ့အရပ်ဆီမှထွက်ပေါ်လာသော နေခြည် နုနု ဖြာထွက်လာသည့် အလင်းတန်းများကြောင့် ပတ်ဝန်းကျင် တစ်ခွင်လုံး အေးမြသာယာလျက်ရှိ၏။
သို့သော် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာကား လှုပ်လှုပ်ရွရွပြင်ဆင်နေကြ၏။ အကြောင်းမှာကား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ အကူအညီဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးလိုက်သော လူသားချင်းစာနာမှုအကူအညီများ မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့ကူညီပေးရန် ပြင်ဆင် နေကြခြင်းပင်ဖြစ်၏။
ကျွန်တော်တို့ သတင်းပြန်ကြားရေးအဖွဲ့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိဏ်းတို့ ဦးဆောင်မှု နှင့်အတူ ထောက်ပံ့ရေးယာဉ်တန်းဖြင့် မောင်တော မြောက်ပိုင်းရှိ ကျေးရွာများသို့ ဦးတည်ထွက်ခွာလာကြ၏။
မောင်တောမြို့မှ ထွက်ခွာလာပြီး များမကြာမီ ကျီးကန်းပြင်-ကြိမ်ချောင်း-ဗန္ဓုလရောက်၏။ ထိုလမ်း အတိုင်း မောင်တောမြောက်ပိုင်းကျေးရွာများသို့ ဆက်လက်ထွက်ခွာလာကြရာ သီဟိုဠ်ပင်တန်းနှင့် မေယုတောင်တန်း အလှကို သာယာကြည်နူးဖွယ်တွေ့ရပေ၏ ။ စိမ်းစိုနေသော မေယုတောင်တန်း၊ ရွှေဝါရောင်လယ်ကွင်းများ၊ သီဟိုဠ်ပင် တောအုပ်တောတန်းများဖြင့် အလွန်သာယာဖွယ်ရှိလှ၏။
အဝေးမှမြင်တွေ့နေရသော ကျေးရွာနေအိမ်များသည် အိမ်ကြီးအိမ်ကောင်းများ မဟုတ်သော်လည်း သပ်သပ် ရပ်ရပ်ရှိလှသည်။ ဦးစွာမြင်တွေ့ရသော ကျေးရွာမှာကား နွားရုံတောင်ကျေးရွာဖြစ်၏။ နွားရုံတောင်ကျေးရွာသည် မောင်တော-ကျီးကန်းပြင်လမ်းပေါ်ရှိ ကျေးရွာတစ်ရွာ ဖြစ်သည့်အလျောက် အထိုက်အလျောက်စည်ကားသော တောရွာလေးဖြစ်၏။ ကျွန်တော်တို့ သတင်းအဖွဲ့ရောက်ရှိ သွားချိန်တွင် ကျေးရွာမှ လူကြီးလူငယ်တစ်စု ဈေးဆိုင် တစ်ဆိုင်တွင် အုပ်စုလိုက်တွေ့ရ၏။ ကလေးများလည်း ဆော့ကစားနေကြ၏။ ရွာအပြင်လယ်ကွင်းပြင်များတွင် စပါးရိတ်သူ၊ စပါးသယ်သူများဖြင့် သွားလာလှုပ်ရှား လျက်ရှိ၏။
ထိုမှတစ်ဖန် ကျီးကန်းပြင်သို့ ရောက်၏။ ကျီးကန်းပြင်နှင့် မောင်တောမြို့အကြားတွင် ကတ္တရာလမ်းဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်း၏။ ကျီးကန်းပြင်မှ ကျော်လျှင် ကျောက်ကြမ်းလမ်းဖြစ်၍ ထင်တိုင်းခရီးမပေါက် ဘဲရှိ၏။ ကျီးကန်းပြင်အရပ်သည် ရဲစခန်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းတို့ရှိသဖြင့် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးအထိုက်အလျောက် အထောက် အကူပြုနိုင်၏။ ထိုအရပ်တွင် မကြာသေးမီက နေရပ်ရှောင် ပြည်သူများ မိမိတို့နေအိမ်များတွင် စတင်ဝင်ရောက်နေထိုင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
ထို့အတူ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ မောင်နှမ၊ အောင်သာယာ အစရှိသော ကျေးရွာများတွင်လည်း ခေတ္တ နေရပ်တိမ်းရှောင်ပြည်သူများ ပြန်လည်လာရောက်နေကြပြီ ဖြစ်သည်။ အိမ်တိုင်းနီးပါးမဟုတ်သော်လည်း အများစု တွေ့နေရပြီဖြစ်သည်။ ဤကျေးရွာများတွင် နေအိမ်များ ပတ်ပတ်လည်တွင် ကွမ်းသီးပင်များ စိုက်ပျိုးထားသဖြင့် နေချင်စဖွယ် ကျေးရွာနေအိမ်များအဖြစ် တွေ့ရ၏။ မေယု တောင်တန်းကြီးကို ကျောထောက်နောက်ခံပြုထားသဖြင့် ကျေးရွာများသည် ပန်းချီကားတစ်ချပ်သဖွယ်သာယာ ကြည်နူးဖွယ်တွေ့ရ၏။
ဖားဝပ်ချောင်းကျေးရွာတွင်လည်း ကွမ်းသီးပင် အလွန်ပေါ၏။ ဤကျေးရွာအလွန်တွင် ချောင်းငယ် မြောင်းငယ်များ၊ ပုစွန်ကန်များကိုလည်း တွေ့ရ၏။ ငန်းချောင်းကျေးရွာတွင်မူကား စပါးရိတ်၊ စပါးလှေ့၊ စပါးလှန်း၊ စပါးထမ်းနေသူများဖြင့် လယ်ယာလုပ်ငန်းခွင် တို့တွင် ပျော်ပျော်ရွှင်ရွှင်အလုပ် လုပ်ကိုင်နေကြသူများ ကိုလည်း တွေ့ရ၏။ မောင်တော-ကျီးကန်းပြင်- ကြိမ်ချောင်း လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် မြို့ပေါ်တက်ဈေးရောင်သူများ၊ ဈေးဝယ်သူများကိုလည်း တွေ့၏။ ရံဖန်ရံခါ လိုင်းကား များကိုလည်း တွေ့ရ၏။
ဤမောင်တောမြောက်ပိုင်းလမ်းပေါ်တွင် လောင်းဒုံ ကျေးရွာသည် ရွာကြီးတစ်ရွာဖြစ်သကဲ့သို့ နတလ ကျေးရွာ လည်းရှိ၏။ ကျေးလက်ဆေးပေးခန်း၊ စာသင်ကျောင်းများ လည်းရှိ၏။ နတလကျေးရွာများသည် လွန်ခဲ့သော ဆယ်စု နှစ်များက ဒေသခံတိုင်းရင်းသားများအား ရွာသစ်များ တည်ဆောက်ကာ နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရ၏။ ယခုအခါ မောင်တောခရိုင်တစ်ခုလုံးတွင် နတလ ကျေးရွာပေါင်း ၉၅ ရွာရှိလာပြီဖြစ်ကြောင်း သိရသည်။
လောင်းဒုံ၊ ငါးခူရ၊ ကြိမ်ချောင်း ကျေးရွာများသည် မောင်တောမြောက်ပိုင်းတွင် လူဦးရေများပြားစွာနေထိုင် သော ရွာကြီးများပင်ဖြစ်၏။ အထူးသဖြင့် ကြိမ်ချောင်း ဈေးသည် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အားထားနေ ရသော ဈေးတစ်ဈေးပင်ဖြစ်၏။ ပျံကျဈေးတန်းနှင့် ဆိုင်းခန်းပေါင်း ၂၅ဝ ကျော် ရောင်းချသော ဈေးဖြစ်၍ စည်ကားသောဈေးကြီးတစ်ဈေးဖြစ်၏။ ကျွန်တော်တို့သတင်း အဖွဲ့သည် ဤကြိမ်ချောင်းကျေးရွာတွင် တစ်ထောက်နားခဲ့ပြီး ခရီးဆုံးကျေးရွာဖြစ်သော ခမောင်းဆိပ်သို့ ခရီးဆက်ရဦးမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)

No comments:
Post a Comment