Monday, November 28, 2016

အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်ဖော်ထုတ်နိုင်ရေး ဆွေးနွေး



Image may contain: 8 people , table, wedding and indoor
ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အောက်တိုဘာ ၂၆ ရက်က နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ပြန်လည်ခေါ်ယူခဲ့သည့် မိသားစုများအနက် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးတွင် ယာယီလက်ခံစောင့်ရှောက်ထားသည့် အိမ်ထောင်စု(၄)စုအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဦးတစ်ယောက်ချင်းကစ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားပြီး မိသားစုဝင်များ၏ နေရေး ထိုင်ရေး၊ သားသမီးများ ပညာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ လူဦးရေအိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရရှိရေး ကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဈေးကွက်ရှာဖွေရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေး၊ National Grid မှ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်သည့်မြို့နယ်များတွင် အထည်ချုပ်စက်ရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထည်ချုပ်လုပ်ငန်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment