Wednesday, November 2, 2016

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပဋိပက္ခလုံးဝချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ



နေပြည်တော် နိုဝင်ဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အား ယနေ့ညနေ ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ သွားရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၃ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ချိန်က သမ္မတကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ပြုပြင်ပြောင်းလဲမှုသည် မောင်းနှင်အားဖြစ်၍ တည်ငြိမ်အေးချမ်းမှုသည် လိုအပ်ချက်ဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေးသည် ရည်မှန်းချက်ဖြစ်သည်ဆိုသည့် စကားနှင့်အညီ ဆောင်ရွက်ခဲ့မှုကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် တိုးတက်ပြောင်းလဲမှုများစွာရှိသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများရရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ထိုက်သင့်သည့် တည်ငြိမ်အေးချမ်းမှုရရှိခဲ့သော်လည်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပဋိပက္ခလုံးဝချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကူညီမှုများအားလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တတိယအကြိမ်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ အဆွေတော်၏ ယခုခရီးစဉ်သည်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အောင်မြင်သည့် တွေ့ဆုံဆွေးနွေးမှုများကြောင့် နက်ရှိုင်းစွာပူးပေါင်းဆောင် ရွက်မှုကို အားသစ်လောင်းနိုင်သည့် အကျိုးရှိသောခရီးစဉ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏တည်ဆောက်မှု တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ဘဝ မြှင့်တင်မှုများအောင်မြင်စေရန် ဆုမွန်တောင်းကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် နှစ်ဖက်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများရှိပါကြောင်း၊ ယခုထက် ပိုမိုအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

(မြဝတီ)

No comments:

Post a Comment