
သစ်တောဦးစီးဌာနမှရရှိသော သတင်းများအရ ၁ဝ နှစ်သက်တမ်းရှိသော သစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ စီမံကိန်းကာလသည် ၂ဝ၁၇ ခုနှစ် မှ ၂ဝ၂၇ ခုနှစ်ထိဖြစ်ပါသည်။ စီမံကိန်းကို အကောင်အထည်ဖော်မည့် ဌာနများမှာ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနတို့ဖြစ်ပါသည်။ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းလာသည်နှင့်အမျှ တိုင်းပြည်၏ ပုံမှန်ရာသီဥတုကို ထိန်းသိမ်းနိုင်စွမ်းက ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှား ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများကို ကြည့်ရုံမျှဖြင့် သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်း၏ အရေးပါပုံကို သိရှိနိုင်ပါသည်။ တိုင်းပြည်၏ သစ်တော ဖုံးလွှမ်းမှုဧရိယာ ပိုမိုကျယ်ပြန့်လာခြင်းသည် ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးကို တစ်တပ်တစ်အား ဆောင်ရွက်ခြင်းဖြစ်၍ ကမ္ဘာ့အလယ် တိုင်းပြည်၏ ဂုဏ်သိက္ခာကို မြင့်မားစေမည်ဖြစ်ပါသည်။
တစ်ဖက်၌ သစ်တောဖုံးလွှမ်းမှုဧရိယာ ကျယ်ပြန့်လာရေးကို ဆောင်ရွက်သည့်နည်းတူ အခြားတစ်ဖက်၌လည်း သစ်ထုတ်လုပ်မှုကို လျှော့ချရမည်ဖြစ်ပါသည်။ နိုင်ငံ၏ အတိတ်သမိုင်း၌ တိုင်းပြည်ဝင်ငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ခုတ်လှဲ ခွင့်ရှိသော သစ်ပမာဏထက် ပိုမိုခုတ်လှဲ သစ်ထုတ်လုပ်ခဲ့သည်များ ရှိခဲ့ပါသည်။ ဤသည်မှာ ရေတိုအကျိုးစီးပွားအတွက် ရေရှည်အကျိုး စီးပွားကို ထိခိုက်အနစ်နာခံခြင်းဖြစ်၍ အလျင်အမြန် ရပ်တန့်ရန် လိုအပ်ပါသည်။ အဆိုပါ လိုအပ်ချက်နှင့်အညီ သစ်တောဦးစီးဌာနသည် ရှေ့လာမည့်နှစ်မှစတင်၍ သစ်ထုတ်လုပ်ရာ၌ နှစ်စဉ် သစ်တောထွက်ပမာဏ၏ ၆ဝ ရာခိုင်နှုန်းထိကိုသာ အများဆုံး ထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ်ပါသည်။ ဤသည်မှာ ချမှတ်သင့် ချမှတ်ထိုက်သော မူဝါဒကို ချမှတ်ခြင်းဖြစ်၍ လက်တွေ့၌ အဆိုပါမူဝါဒကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
သစ်တောများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ အောင်မြင်မှုကို ပြန်လည်သုံးသပ်ကြည့်ပါက စိုက်ပျိုးခဲ့သော သစ်တောများ ၏ ၅ဝ ရာခိုင်နှုန်းခန့်သာ ရှင်သန်အောင်မြင်သည်ဟု သိရှိရပါသည်။ ဤကဲ့သို့ ၅ဝ ရာခိုင်နှုန်းသာ ရှင်သန်အောင်မြင်ခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းသည် ငွေကြေးမပြည့်စုံခြင်းနှင့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့်ဟု သိရှိရပါသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တိုင်းပြည်၏ ပကတိအခြေအနေ အပေါ်မူတည်၍ အဆိုပါ လိုအပ်ချက်နှစ်ရပ် ဖြည့်ဆည်းနိုင်ရေးကို ဦးစားပေးကိစ္စရပ်များအဖြစ် သတ်မှတ်၍ ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ သစ်ထုတ်လုပ်မှုအပေါ် အမှီပြု၍ ကြွယ်ဝချမ်းသာလာခဲ့ ကြသော ကုမ္ပဏီကြီးများအနေဖြင့်လည်း ဤလိုအပ်ချက်နှစ်ရပ် ဖြည့်ဆည်းရေး၌ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ပြန်လည်စိုက်ပျိုးသော သစ်တောများအားလုံး ရှင်သန်ရေးကို ဆောင်ရွက်ရာ၌ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု မည်သို့မည်ပုံရရှိနိုင်သည်ကိုလည်း သုံးသပ်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒများကို ချမှတ်သင့်ပါသည်။ နိုင်ငံတော်၏ ရာသီဥတုထိန်းသိမ်းရေးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
No comments:
Post a Comment