ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကျောင်းသားသမဂ္ဂများ၊ မြို့မ ကျောင်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်း၍ အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပသည့် (၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမျိုးသားနေ့သည် မြန်မာနိုင်ငံ၏ သမိုင်းမှတ်တိုင် စိုက်ထူခဲ့သည့်နေ့ ဖြစ်ကြောင်း၊ အမျိုးသားရေးအောင်လံတစ်ခုအောက်တွင် ညီညီညွတ်ညွတ် ကြိုးပမ်းလှုပ်ရှားခြင်းဖြင့် ကိုလိုနီကျွန်သဘောက်ဘဝမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းကြောင်းအဆက်ဆက်တွင် ကျောင်းသားများ၏လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို တပ်လှန့်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တော်ကြီးများဖြစ်သည့် ကျောင်းသားခေါင်းဆောင်များကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့်အတွက် အားလုံးညီညီညွတ်ညွတ်ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ဦးနိုင်ငံလင်း(ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး)
''ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်တွေနဲ့ မြို့မကျောင်းက ကျောင်းသားဟောင်းတွေနဲ့ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးလုပ်တာပါ။ ကျောင်းသားထုတွေစုစည်းပြီးလွတ်လပ်ရေးရယူနိုင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို အမှတ်ရနိုင်စေဖို့ အခုလို အခမ်းအနားကို ဆောင်ရွက်ရတာဖြစ်ပါတယ်''
ဦးမင်းကိုနိုင်(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
''အမျိုးသားနဲ့ အောင်ပွဲနဲ့ ပေါင်းထားတာပေါ့ဗျာ။ အင်္ဂလိပ်လိုဆို National Day ပေါ့။ ဒါပေမယ့် ကျွန်တော်တို့က အောင်ပွဲထည့်ထားတယ်။ ဒါက တော်ရုံ တန်ရုံနဲ့ရခဲ့တာမဟုတ်ဘူး။ အောင်ပွဲရဖို့ဆိုတာ တစ်မျိုးသားလုံး ညီညွတ်မှရမယ်။ မမျှတရင်မညီညွတ်ဘူး။ တရားမျှတမယ်၊ ညီညွတ်မယ်၊ လွတ်လပ်ခွင့်တွေရမယ်၊ တန်းတူညီမျှရမယ်ဆို နောက်ထပ်အောင်ပွဲတွေ ကျွန်တော်တို့ ထပ်ရလာလိမ့်မယ်လို့ ပြောချင်ပါတယ်။''
ဦးတင်မောင်ထွန်း(ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ)
''ဒီနေ့က အမျိုးသားအောင်ပွဲနေ့၊ မြန်မာတစ်မျိုးသားလုံးရဲ့ ဇာတိသွေး ဇာတိမာန် နိုးကြားစေတဲ့ နေ့ထူးနေ့မြတ်ပါ။ ဒီကနေ့မှာ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ဂါရဝမပြုခဲ့ရတဲ့ ခေါင်းဆောင်တွေ၊ တက္ကသိုလ်အက်ဥပဒေကြီးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို အောင်စည်အောင်မောင်းတီးပြီး ရွှေတိဂုံဘုရားပေါ်မှာ တက်ပြီးတော့ ဆုတောင်းမေတ္တာ ပို့သနိုင်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အောင်ပွဲနေ့ပါပဲ။ တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေက နယ်ချဲ့ကိုဆန့်ကျင်ပြီး တက္ကသိုလ် သပိတ်မှောက်ရာကနေ ဒီနေ့အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်လာခဲ့တဲ့ ဒီနေ့ကို အမြဲကျင်းပဖို့ လိုအပ်ပါတယ်။''
ဦးတင်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက)
''ကျွန်ပညာရေးကို ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် ကျောင်းသားခေါင်းဆောင် ၁၁ ယောက်က တက္ကသိုလ် ကျောင်းသားတွေရဲ့ကိုယ်စား ပညာရေးဘဝမြှင့်တင်ဖို့အတွက် သပိတ်မှောက်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်ရွက်မှုတွေကြောင့် တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုတွေလည်း ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ထောက်ခံအားပေးလာခဲ့ကြပြီး သဘောက်ပညာရေးကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် ပညာရေးစနစ်ကို ကျောင်းသားများတောင်းဆိုတဲ့အတိုင်း ရရှိသွားပြီဖြစ်တဲ့အတွက် အောင်ပွဲခံတဲ့အနေနဲ့ အဲဒီကတည်းကစပြီး ကျင်းပလာ ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားတွင် ပြည်သူ့ရင်ပြင်ဝင်းအတွင်း အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းချခြင်း၊ စတုဒိသာကျွေးမွေး ခြင်းနှင့် အမျိုးသားနေ့အကြောင်းကို ကိုမင်းကိုနိုင်နှင့် ကိုလေး(အင်းဝဂုဏ်ရည်)တို့က ဟောပြောခဲ့ပြီး နိုင်ငံကျော် တေးသံရှင်များက သီဆိုဖျော်ဖြေခဲ့ကြသည်။
စုစည်းသူ-သီသီမင်း၊
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:
Post a Comment