နေပြည်တော် နိုဝင်ဘာ ၂၄
၂ဝ၁၆ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ကို
ယနေ့နံနက်ပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
လာရောက်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်း ခန်းမသို့ ရောက်ရှိလာပြီး ခန်းမအတွင်း လက်ဝတ်ရတနာဆိုင်များ နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ ရတနာကုန်သည်များ ဈေးနှုန်းတင်သွင်းလွှာများတွင် အချက် အလက်များ ဖြည့်စွက်ရေးသားအဆိုပြု၍ သက်ဆိုင်ရာ တင်ဒါ ပုံးများအတွင်း ထည့်သွင်းနေမှု၊ ကော်မတီအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သဘာပတိအဖွဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ပြပွဲပဉ္စမနေ့တွင် အခြေခံဈေး ယူရိုငွေ ၄ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုးသတ်မှတ်သည့်ကျောက်စိမ်းအတွဲများနှင့် အခြေခံ ဈေး ယူရိုငွေ ၁ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုး သတ်မှတ်ထားသည့် အချောထည်ကျောက်စိမ်းအတွဲ စုစုပေါင်း အတွဲ ၁၂ဝဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထပ်မံရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် နံနက် ၈ နာရီမှစ၍ ပြည်တွင်းပြည်ပမှ ရတနာ ကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချရန် ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများနှင့် အချောထည်ကျောက်စိမ်းအတွဲများကို မိမိတို့စိတ်ကြိုက်လွတ်လပ်စွာ လှည့်လည်ကြည့်ရှု ရွေးချယ် မှတ်သားခြင်း၊ ဈေးနှုန်းတင်သွင်းလွှာများတွင် အချက်အလက် များ ဖြည့်စွက် ရေးသားအဆိုပြု၍ သက်ဆိုင်ရာတင်ဒါပုံးများ အတွင်း ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ကြရာ ပြပွဲဗဟိုကော်မ တီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို လိုက်လံကြီးကြပ် ကူညီဆောင်ရွက်ပေးကြသည်။
ယခုပြပွဲ၌ နိုဝင်ဘာ ၂၅ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂ဝဝ၊ နိုဝင်ဘာ ၂၆ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂ဝဝ၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျောက်စိမ်းအတွဲ ၁၁၂၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ကျောက်စိမ်း အတွဲ ၃၅ တွဲနှင့် နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်စိမ်းအတွဲ ၃၁ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၆၆ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်း ကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅ နာရီခွဲ အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်စီ (သတင်းစဉ်)

No comments:
Post a Comment