Wednesday, November 30, 2016

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်



Image may contain: crowd and one or more people
နေပြည်တော် နိုဝင်ဘာ ၂၉
ဗြိတိန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Willis Towers Watson အဆောက်အအုံတွင် ကျင်းပသည့် မြန်မာနိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဖိုရမ်(Myanmar Trade and Investment Forum) သို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Patrick က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ဗြိတိန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဝန်ကြီးဌာနဝန်ကြီး Mr.MarkGarnier က ( The UK & Myanmar- Partnering Together for the 21st Century) ခေါင်းစဉ်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က Myanmar Today and Opportunities Tomorrow ခေါင်းစဉ်ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်ပေါင်းများစွာ ဆက်ဆံမှုပြတ်တောက်ခဲ့ပြီးမှ ပြန်လည်နီးစပ်လာခြင်း အကြောင်းအရာများ၊ မြန်မာ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးညွှန်းကိန်းများ တိုးတက်မှုအခြေအနေများ၊ ၂ဝ၃ဝ ခုနှစ်အတွက် ပြည်သူများ နေထိုင်ရေးအတွက် အစီအမံများ၊ အလုပ်အကိုင်ဖန်တီးမှု လိုအပ်ချက်များ၊ အသစ်ပြဋ္ဌာန်းလိုက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာအခြေအနေများ၊ မြန်မာနိုင်ငံနှင့် PPP လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ အပါအဝင် အခြေခံအဆောက်အအုံကဏ္ဍများအတွက် ဗြိတိန်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံပေးနိုင်ရေးအတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဏ္ဍအလိုက်ဆွေးနွေးမှု၊ လေ့လာသုံးသပ်ချက်စာတမ်း ဖတ်ကြားမှု အစီအစဉ်များအား တက်ရောက်သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Willis Towers Watson အဆောက်အအုံတွင် ကျင်းပသည့် မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (Myanmar Trade and Investment Forum)သို့ မြန်မာနိုင်ငံရှိ ပြည်ထောင်စုဝန်ကြီးဌာန ငါးခုမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဌာနမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် ၇ဝ ကျော်နှင့် ဗြိတိန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ် ၁၇ဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment