Wednesday, November 30, 2016

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးမဏ္ဍိုင်အလိုက် ပူးပေါင်းဆောင်ရွက်



Image may contain: text
မျက်မှောက်ကာလတွင် နိုင်ငံခြားငွေမြင့်တက်လာမှုနှင့်အတူ ပြည်တွင်း သုံးငွေကြေးများလည်း ဖောင်းပွလာသည်ဟုဆိုထားပါသည်။ နိုင်ငံခြား ငွေတန်ဖိုးမြင့်တက်မှုမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ အခြားနိုင်ငံများတွင်လည်း မြင့်တက်နေသည်ကို တွေ့ရပါသည်။
မည်သို့ပင်ဖြစ်စေ ငွေကြေးတန်ဖိုးမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု တို့သည် တိုင်းပြည်စီးပွားရေးမြင့်မားမှုနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိသဖြင့် ငွေကြေးတန်ဖိုးခိုင်မာမှုရှိအောင် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများအား ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက် ရာတွင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိကစီးပွားရေုးလုပ်ငန်းများဖြစ်၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေးကျင်းပစဉ် လုပ်ငန်းကော်မတီများ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေုးလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်သည့် အချိန်မှစ၍ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအား နိုင်ငံ့စီးပွားရေးတွင် လွတ်လပ်စွာပါဝင်ခွင့်ပြုပေးထားသည်။ နိုင်ငံတော်အပိုင်းကလည်း နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍတွင် ဝန်ထုပ်ဝန်ပိုးများ လျော့ကျလာစေရန်အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား တဖြည်းဖြည်းလျှော့ချပြီး ပုဂ္ဂလိက ပိုင်လုပ်ငန်းများအဖြစ် ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိသည်။
ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ပုဂ္ဂလိက ကဏ္ဍရှိ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်ရေးသည် အရေးကြီးသဖြင့် ပုဂ္ဂလိက ကဏ္ဍကို အရည်အသွေးမြှင့်တင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းတိုးပွားရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ဖန်တီးပေး နိုင်ရေးတို့ကို ဦးတည်လုပ်ဆောင်ပေးသွားရမည်ဖြစ်သည်။
အနာဂတ်ကာလတွင် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံစီးပွားရေးတွင် အဓိကမောင်းနှင်ရမည့် စီးပွားရေးအင်အားစုကြီး ဖြစ်လာမည်ဖြစ်သည့်အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်သားငါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများစွာတို့မှ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆိုင်ရာဆိုင်ရာအသင်းအဖွဲ့များက စီးပွားရေးလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ကို ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာဝန်းကျင် တိုးတက်ကောင်းမွန်ရေးမဏ္ဍိုင်၊ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက် ရေးမဏ္ဍိုင်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးမဏ္ဍိုင်၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍပြန်လည်ရေးဆွဲရေးမဏ္ဍိုင်နှင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး မဏ္ဍိုင်တို့ကို အခြေတည်ပြီး မဏ္ဍိုင်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။
ယနေ့အချိန်အခါတွင် နိုင်ငံ၏စီးပွားရေးအတွက် အလွန်အရေးကြီးသော အချိန်အခါဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဈေးကွက်စီးပွားရေးစနစ်အတွင်း အဓိကကျသည့် ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် လက်ရှိဖြစ်တည်နေသော စီးပွားရေးမူဝါဒတွင် ကိုယ့်နည်း ကိုယ်ဟန်နှင့် ဆောင်ရွက်နေရာမှ ပြုပြင်ပြောင်းလဲဆောင်ရွက်မည့် စီးပွားရေးမဏ္ဍိုင်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အတူလက်တွဲပါဝင်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ။

No comments:

Post a Comment