Monday, November 28, 2016

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ပြီဖြစ်၍ ကုန်သွယ်မှုများ စတင်လုပ်ဆောင်



မူဆယ် နိုဝင်ဘာ ၂၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့တောင်ပေါ်ဒေသ မိုင်းယု ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကြီးအနီးတစ်ဝိုက်၌ နိုဝင်ဘာ ၂ဝ ရက် နံနက် ၆နာရီခွဲခန့်က KIA၊TNLA ၊ MNDAA ပူးပေါင်းအဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူများနှင့် ဝန်ထမ်းများ တိမ်းရှောင်ခဲ့ရပြီး ကုန်သွယ်ရေးဇုန်ကြီးနှင့် ယာဉ်ငယ်စစ်ဆေးရေး ဂိတ်များကို ခေတ္တပိတ်ထားရသည်။
မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဌာနအားဖြင့် ခြောက်ခုရှိပြီး တိုက်ပွဲဖြစ် သည့်နေ့မှစ၍ OSS ဌာနများဖြစ်သည့် အကောက်ခွန်၊ ပြည်တွင်းအခွန်၊ မြန်မာ့စီးပွား ရေး ဘဏ်တို့နှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က လုံခြုံရေးအခြေအနေအရ မူဆယ် မြို့ပေါ်မှ မလာနိုင်သည့်အတွက် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကုန်သွယ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကုန်သွယ်ရေးဇုန်ကြီးတွင် နေ့ရော ညပါ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို စနစ်တကျတာဝန်ယူဆောင်ရွက် ပေးခဲ့ရကြောင်း သိရသည်။
မူဆယ်ခရိုင် မူဆယ်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်မှစ၍ နယ်မြေအခြေအနေ အတန်အသင့်တည်ငြိမ်အေးချမ်းသွားပြီဖြစ်သောကြောင့် ကုန်တင်ယာဉ်များ ကုန်သွယ်ရေးဇုန်အတွင်းသို့ နံနက် ၉ နာရီကျော်ခန့်က စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်အတွင်း ပုံမှန်အနေ အထား မရှိသေးသော်လည်း နိုဝင်ဘာ ၂၅ ရက်က ဥှ ကျန်သည့် ဌာနလေးခု ထဲမှ အဓိကသုံးခုဖြစ်သည့် ဝန်ထမ်းတချို့ ပြန်လာသည့်အတွက် ကုန်သွယ်ရေးဇုန် အတွင်း၌ နံနက် ၁၁ နာရီခန့်မှစပြီး ပို့ကုန် သွင်းကုန်ယာဉ်များ ဝင်ရောက် လာကာ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ လွယ်လွယ်ကူကူလုပ်နိုင်ရန်အတွက် ညှိနှိုင်းပြီး စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက်က လမ်းကြောင်း အခြေအနေ ပိုမိုကောင်းလာသည့် အတွက် ပို့ကုန်သွင်းကုန်ကားများ အတက်အဆင်းမှာ နိုဝင်ဘာ ၂၅ ရက် ထက်ပိုပြီး များလာကြောင်း၊ ကုန်သွယ် ရေးဇုန်အနေဖြင့် ကုန်သွယ်မူပမာဏ အားဖြင့် ဒေါ်လာ ၁၃ သန်းမှ ၁၅ သန်း ဝန်းကျင် အထိရရှိခဲ့သော်လည်း ယခု ထိတွေ့မှုများ ဖြစ်ပြီးနောက်ပိုင်း နိုဝင်ဘာ ၂၅ ရက်က ဒေါ်လာ ၁ သန်း နီးပါးခန့် အလုပ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ကုန်သွယ်ရေးဇုန်အတွင်း တာဝန် ထမ်းဆောင်နေကြသည့် အကောက်ခွန် နှင့်အခြားဝန်ထမ်းများ လုံခြုံရေးများ ရှိနေသောကြောင့် အခြေအနေကို ကြည့်ပြီး လုပ်ငန်းများ ပြန်ပြီး ရပ်နားထားရခြင်းလည်း ရှိကြောင်း၊ လက်ရှိအနေအထားအရ မြန်မာ့စီးပွား ရေးဘဏ်သည် ကုန်သွယ်ရေးဇုန်၌ လာရောက် မဖွင့်နိုင်သည့်အတွက်ကြောင့် လုပ်ငန်းနှစ်နေရာခွဲပြီး လုပ်နေရကြောင်း၊ ဘဏ်၌ ငွေသွင်းနိုင်ရန်ကိစ္စကို မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ငွေသွင်းပြီး ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၌ တန်ဖိုးတွက်ချက်ခြင်းများ၊ အခွန်အခ ပေးဆောင်ခြင်းများ၊ ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းများ ပြုလုပ်သောကြောင့် ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် လိုင်စင် ပေးနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

OSS အဖွဲ့၏ Online System သည် လောလောဆယ် ဘဏ်နှင့် ချိတ်ဆက်ပြီး လုပ်ရသည့် အနေအထား မရှိသည့်အတွက် လုပ်ငန်းအနေဖြင့် အခုအချိန်နှင့် ပုံမှန်လုပ်ငန်းစဉ် များအတိုင်း ပြန်လည်မလုပ်နိုင် ကြောင်း၊ သို့သော် လက်ရှိလုပ်ငန်းရှင် များ တရားဝင်အခွန်အခ ပေးဆောင် ပြီး သွားနိုင်အောင် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြောင်း။
ယခုအချိန်တွင် ပွင့်လင်းရာသီ ဖြစ်သည့်အတွက် ပို့ကုန်အဖြစ် လယ်ယာ ထွက်ပစ္စည်း ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ သကြားနှင့် ဖရဲ၊ သခွားများ ဝင်ရောက် လျက်ရှိပြီး တစ်ရက်ကို အတက်ယာဉ် အစီးရေ ၁ဝဝ ကျော် ရှိကြောင်း၊ သွင်းကုန်အနေဖြင့် ဓာတ်မြေသြဇာ၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ စက်ယ္တရား ပစွည်းများ ဝင်ရောက်ပြီး တစ်ရက်ကို ကုန်တင်ယာဉ် စီးရေ ၅ဝ ကျော် ၁ဝဝ ခန့်အဆင်းရှိပြီး ပို့ကုန်၊ သွင်းကုန်နှစ်ခု ပေါင်း ယာဉ်အစီးရေ ၂ဝဝ ဝန်းကျင်ခန့်ရှိ ကြောင်း သိရသည်။
ကုန်တင်ယာဉ်များ၏ ယာဉ်ခ ဈေးနှုန်းမှာ အတက်ယာဉ်ခ တစ်ပိဿာ ကို ငွေကျပ် ၈ဝ မှ ၈၄ ကျပ် အထိရရှိပြီး အဆင်းယာဉ်ခမှာ ကုန်ချိန် တစ်ပိဿာကို ငွေကျပ် ၅ဝ မှ ၅၂ ကျပ်အထိ ရရှိခဲ့ ကြောင်း သိရသည်။ လောလောဆယ် အနေအထားအရ သွင်းကုန်ယာဉ်ထက် ပို့ကုန်ယာဉ်များ ပို၍ဝင်ရောက်မှုရှိ ကြောင်း သိရသည်။
ကုန်သွယ်ရေးဇုန်တွင် နေ့စဉ် အရှေ့မြောက်တံခါး၊ ခွာညိုမြန်မာတံခွန် ပွဲရုံ ၌ တရုတ်-မြန်မာ သစ်သီးရောင်းဝယ် ရေး ဆောင်ရွက်နေသည့် လူဦးရေ အားဖြင့် ၁၅ဝ၊ ၂ဝဝ ခန့်ရှိကြောင်း၊ ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့က လုံခြုံရေး အပြည့်ဆောင်ရွက်ထား ကြောင်း သိရသည်။
မူဆယ် ၁ဝ၅ မိုင်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကုန်တင်ကုန်ချ အလုပ်သမားများ ခေတ္တခဏတိမ်းရှောင် သွားကြသော်လည်း နိုဝင်ဘာ ၂၅ ရက်မှ စပြီး ကုန်တင်ကုန်ချဦးစီးမှူး ဦးဝင်းခိုင်ဦး ၏ စည်းရုံးမှုဖြင့် အလုပ်သမားဦးရေ ၂ဝဝ ကျော်မှ ၅ဝဝ ကျော်အထိ ပြန်လည် ဝင်ရောက် လုပ်ကိုင်ခဲ့ကြပြီး လုပ်အားခ အနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ကျော် ၆ဝဝဝ ခန့် ရရှိနေကြောင်း သိရ သည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် တွင်တိုက်ပွဲမဖြစ်ခင် One Stop Service အနေဖြင့် ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ ဘဏ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ တိုက်ပွဲ ဖြစ်ပြီးနောက်ပိုင်း မူဆယ်မြို့ထဲတွင် ငွေလက်ခံကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်မှစ၍ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းသို့ ကုန်တင် ယာဉ်များ အဝင်အထွက်များလာ သော်လည်း မြန်မာ့စီးပွားရေးဘဏ်နှင့် အခြား ပုဂ္ဂလိကဘဏ်များ ပိတ်ထားသည့် အတွက် ကုန်သည်များ ငွေလည်ပတ်မှု မရှိသလောက်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်လောက်တွင် ဘဏ်များ ပြန်လည် ဖွင့်လှစ်မည်ဟု သိရပြီး ငွေလည်ပတ် မှုရှိလာမည်ဖြစ်၍ ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန်စည်စီးဆင်း မှု ပိုမိုများလာနိုင်ကြောင်း သိရ သည်။

မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး လမ်းကြောင်း အထိုက်အလျောက် ပြန်လည်ပွင့်သွားခြင်း ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကြီး ပတ်လည်၌ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ က အတွင်း အပြင် လုံခြုံရေးတာဝန် ယူ ဆောင်ရွက်ထားခြင်းတို့ကြောင့် ကုန်သွယ်ရေးဇုန်ကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ပြီး လုပ်ငန်းများ ပုံမှန် လည်ပတ်နေပြီဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment