Tuesday, November 1, 2016

မန္တလေး-လားရှိုး ကားလမ်းတွင် ယာဉ်မတော်တဆမှုများဖြစ်ပွား

Image may contain: outdoor and nature
သီပေါ အောက်တိုဘာ ၃၁
အောက်တိုဘာလ နောက်ဆုံး ရက်သတ္တပတ်အတွင်း မိုးများရွာသွန်းခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး ကားလမ်းတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ အောက်တိုဘာ ၂၈ ရက်က သီပေါမြို့နယ် နမ့်အွန်အဆင်း၌ အိမ်စီးယာဉ်ငယ်နှင့် ဆီဘောက်ဆာ တွဲယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်ကြား နောင်အန်းရွာ အထွက် အတက်လမ်း၌ ကန်ဒါယာဉ် တစ်စီး လမ်းဘေးလယ်ကွင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
အလားတူ အောက်တိုဘာ ၂၉ ရက်က ပြင်ဦးလွင် မြို့နယ် မြိုင်ကြီးအောက်ကွေ့တံတား မှ ကုန်တင်ယာဉ်ကြီးတစ်စီး ရေချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၃ဝ ရက် နံနက်ပိုင်းက မိုးများရွာသွန်းနေစဉ် ကားလမ်းမကြီးပေါ်ရှိ သီပေါမြို့နယ် ပုံဖမ်းရွာအနီး ဝင်းဦးတံတားကွေ့ တွင် ယာဉ်နှင့်ဆိုင်ကယ် တိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသည်ဟု သိရသည်။
ယခုကဲ့သို့ မိုးရွာသွန်းနေစဉ် ယာဉ်မတော်တဆမှုများ မဖြစ်ပွား စေရေးအတွက် ယာဉ်ကြီး၊ ယာဉ်ငယ် မောင်းသူများအနေဖြင့် ရာသီဥတု နှင့်လမ်းအခြေအနေများကို အထူး ဂရုစိုက်လေ့လာပြီး မောင်းနှင်သွားလာကြရန် လိုအပ်ကြောင်း ကျောက်မဲ အမှတ်(၁၂ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူး ဒု-ရဲမှူးချစ်စိန်နှင့် ပြင်ဦးလွင် အမှတ် (၉၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒု-ရဲမှူးဝင်းသိန်းတို့က သတိပေးပြောကြားခဲ့သည်။
သီပေါ(ကိုလတ်)

No comments:

Post a Comment