Tuesday, November 1, 2016

ကုန်သေတ္တာထုတ်ယူခွင့် ဆိပ်ကမ်းအာဏာပိုင် တိုက်ရိုက်ဆောင်ရွက်

သတင်း - မြင့်မောင်စိုး
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
ရန်ကုန် အောက်တိုဘာ ၃၁

စားသုံးသူများ သက်သာချောင်ချိရေးအတွက် ဆိပ်ကမ်းလုပ်ငန်း စဉ်အဆင့်များ လျှော့ချခြင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး(ပူးတွဲ) ဦးနီအောင်က''ဆိပ်ကမ်း လုပ်ငန်းစဉ်အဆင့်တွေ လျှော့ချခြင်းအားဖြင့် စားသုံးသူပြည်သူ တွေရဲ့ သက်သာချောင်ချိရေးရှေးရှုတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ B/L(Bill of Lading ကုန်တင်ပို့လွှာ)မူရင်းပြနိုင်မယ်ဆိုရင် မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အနေနဲ့ D/O လို့ခေါ်တဲ့ ကုန်ပစ္စည်းထုတ်ယူခွင့်ကို တိုက်ရိုက် ထုတ်ယူခွင့်ပြုမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အရင်တုန်းက ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ B/Lရရှိပေမယ့် တိုက်ရိုက်D/O မရဘဲ သက်ဆိုင်ရာသင်္ဘောပိုင်ရှင်တွေ၊ ကုန်သေတ္တာ ပိုင်ရှင်တွေဆီသွားပြီး R/O(Release Order) တောင်းခံ ရတဲ့အတွက် အချိန်ကုန်ပြီး ငွေကြေးပေးဆောင်ရတာတွေ ရှိပါတယ်။ ဒီ့အတွက် အချိန်ကုန်ပြီး ငွေကြေးကုန်ကျစရိတ် များတဲ့R/O အဆင့်ကိုလျှော့ချလိုက်ပြီး ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ B/Lမူရင်းနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုယ်စားလှယ် လုပ်ငန်းဌာနမှာ တိုက်ရိုက် D/O ထုတ်ယူနိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်''ဟု ရှင်းပြသည်။
အဆိုပါသင်္ဘောကိုယ်စားလှယ်များ၊ ကုန်သေတ္တာပိုင်ရှင်များထံ ကုန်ပစ္စည်း တင်သွင်းသူများကB/L ပြပြီးR/Oတောင်းခံရသည့်အတွက် B/Lတစ်စောင်ကို ငွေကျပ် ခုနစ်သောင်းခွဲပေးဆောင်နေရကြောင်း၊ ယင်းသင်္ဘောနှင့် ကုန်သေတ္တာ ပိုင်ရှင်ကိုယ်စားလှယ်များအနေဖြင့် ရွှေပြည်သာ၊ လှိုင်သာယာ စသောမြို့နယ်များ၌ နေထိုင်ကြသူများဖြစ်၍ ၄င်းတို့ထံ သွားရောက်ရသည့် အချိန်ကြန့်ကြာမှုနှင့် မလိုလား အပ်ဘဲ ငွေကြေးပေးဆောင်နေရသည့်အတွက် R/O အဆင့်ကို လျှော့ချပြီး D/O ထုတ်ပေးခြင်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တိုက်ရိုက်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းR/O အဆင့်ကို လျှော့ချလိုက်သဖြင့် နိုင်ငံနှင့်ပြည်သူများအတွက် အကျိုး မရှိဘဲ ဆုံးရှုံးသွားသည့် တစ်လလျှင် အမေရိကန်ဒေါ်လာ တစ်သန်း(မြန်မာငွေကျပ်သိန်းတစ်သောင်း)ခန့် ကာမိစေမည်ဖြစ်ကြောင်း ဦးနီအောင်က ရှင်းပြသည်။

မြန်မာ့ဆိပ်ကမ်းအနေဖြင့် အဆိုပါR/Oအဆင့် လျှော့ချခြင်းကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ(၂၆/၂ဝ၁၆)အရ ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့် ကုန်သေတ္တာ တင် သင်္ဘောလိုင်း ၃၁ လိုင်းရှိပြီးယနေ့အထိ ပြေးဆွဲခွင့်ပြုထားသည့် သင်္ဘောစင်းရေ ၆၉ စင်းရှိပြီး ပြေးဆွဲစင်းရေ ၅ဝ ရှိကာ ၁၉ စင်း ရပ်နားထားကြောင်း၊ ယင်းကြေညာချက် ကို အဓိက သင်္ဘောလိုင်းကြီးသုံးခုက လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း၊ ကုန်ပစ္စည်း တင်သွင်းသူများထံမှ R/Oအစား အခြားသောဝန်ဆောင်ခအမျိုးမျိုး ခေါင်းစဉ်တပ် ပြီး ကောက်ခံနေဆဲဖြစ်ကြောင်း၊ လုပ်ငန်းကြန့်ကြာအောင်အမျိုးမျိုး ပြုလုပ်လာ ကြောင်း၊ ယင်းအတွက်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment