Monday, November 28, 2016

မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲယှဉ်ပြိုင် ပီရူးနိုင်ငံသား မက်တီရိုဆီလီ အိမ်အပြန်မျက်နှာပန်းမလှခဲ့



Image may contain: 4 people , shorts
ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး T&T Group က စီစဉ်ကျင်းပသော မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာလက်ဝှေ့ရုံ၌ ကျင်းပသည်။
ယနေ့ကျင်းပသော ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ပြည်ပအထူးစိန်ခေါ်ပွဲ တစ်ပွဲအပါအဝင် ပြည်တွင်းရိုးရာ လက်ဝှေ့ပွဲပေါင်း ၁ဝ ပွဲ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ကြရာ ပြည်ပအထူးစိန်ခေါ်ပွဲ တွင် တူးတူး(နဂါးမာန်)က မက်တီရို ဆီလီ(ပီရူး)ကို တတိယအချီမှာပင် အလဲထိုးအနိုင်ရခဲ့သဖြင့် ပီရူးနိုင်ငံသား လက်ဝှေ့ကျော်အိမ်အပြန် မျက်နှာပန်းမလှဖြစ်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်သော ပွဲစဉ်များအနက် နောက်ဆုံးပွဲစဉ်ဖြစ်သည့် တူးတူး(နဂါးမာန်)နှင့် မက်တီရိုဆီလီ (ပီရူး)တို့ တွဲဆိုင်းတွင် မက်တီက တူးတူးထက် အရပ်အမောင်းနှင့် အလုံးအထည်မြင့်သည်။ ပထမအချီတွင် မက်တီက ဝိတ်သုံးပြီးဖိထိုးသော်လည်း တူးတူး ကောင်းစွာရှောင်တိမ်းနိုင်ခဲ့သည်။ ဒုတိယအချီတွင် တူးတူး၏ ဘယ်ညာလက်သီးတွဲလုံးများ မက်တီမျက်နှာ ထိပြီးလဲကျကာ အနားတောင်းလိုက်ရသည်။ တတိယအချီ ပြန်အတည်တွင် သွေးချင်းချင်းနီနေသည့် မက်တီမျက်နှာပေါ် ဒုတိယအကြိမ် တူးတူး၏ ထိချက်ပြင်းသော လက်သီးများ တရစပ်ပစ်သွင်း၍ မက်တီကို တတိယအချီ ၂ မိနစ် ၅ စက္ကန့်မှာပင် အလဲထိုးအနိုင်ရခဲ့သည်။
မျိုးဆက်သစ်လူငယ်လက်ဝှေ့သမားများဖြစ်သည့် ကျားမနိုင်(ချောလှ)နှင့် ပြည့်ဖြိုးမောင်(အဖြူရောင်သွေးသစ်)တို့ပွဲစဉ်တွင် အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ သလို လေးချီစိန်ခေါ်ပွဲများဖြစ်သည့် နေသွေးသစ် (အဖြူ ရောင်သွေးသစ်)နှင့် အာကာမင်း(T&T သထုံ)တွဲဆိုင်း တွင်လည်း ပူးတွဲသရေဖြစ်ခဲ့သည်။ ယှဉ်ပြိုင်ရန် ကြေညာထားသည့် ရွှေကျောင်းသား(T&T သထုံ)နှင့် စစ်ထန် (နဂါးမာန်)တို့ပွဲစဉ် ပျက်ပြယ်ခဲ့ပြီး စိုးမိုးနိုင်(T&T သထုံ)နှင့် သွေးသစ်မောင်(အဖြူရောင်သွေးသစ်)တို့ပွဲစဉ်၌ သွေးသစ်မောင်က စိုးမိုးနိုင်ကို တတိယအချီမှာပင် အလဲထိုးနိုင်ခဲ့သည်။ ထယ်ကြီး(STL)နှင့် သိန်းညီညီ(အလင်းရောင်)တို့ပွဲစဉ် ပူးတွဲသရေကျခဲ့သည်။
ငါးချီစိန်ခေါ်ပွဲများဖြစ်သည့် ရန်တိုင်းအောင် (Adventure)နှင့် ကျော်ဝင်းအောင်(အဖြူရောင်သွေးသစ်)တို့ ပွဲစဉ်တွင် ပွဲချီပြည့်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံး အသာစီးထိုးသတ်ခဲ့သည့် ကျော်ဝင်းအောင်ကို ဒိုင်အဖွဲ့က အနိုင်ပေးခဲ့သည်။ သားကျော်ဖြောင့် (T&T သထုံ)နှင့် ဟံသာဝတီ(အဖြူရောင်သွေးသစ်)တို့ ပွဲစဉ်တွင် အရှုံးအနိုင် မပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သည်။ စောထူးအောင်(ဒို့ရိုးရာ)နှင့် ကျားဗဟိန်း(ဝင်းထွန်းကလပ်)တို့ပွဲစဉ်၌ ဒုတိယအချီတွင် စောထူးအောင်၏ ဘယ်ညာဒူးတိုက်ချက်များကြောင့် ကျားဗဟိန်း အနားတောင်းလိုက်ရပြီး တတိယအချီတွင် ကျားဗဟိန်းကို အလဲထိုးအနိုင်ရခဲ့သည်။ မိုက်ရိုင်း(ဒို့ရိုးရာ)နှင့် ထွန်းလွင်မိုး (နဂါးမာန်)တို့ တွဲဆိုင်းတွင် ပွဲချိန်ပြည့် ယှဉ်ပြိုင်ပြီး ပူးတွဲသရေဖြစ်ခဲ့သည်။
သွေးသစ်ဝင်းလှိုင်(ရွှေမိုးထိ)နှင့် ဖိုးလပြည့်(ရွှေဖူး)တို့ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်ခြေကန်ချက်က ဖိုးလပြည့် မေးရိုးကိုထိပြီး လဲကျကာ ပြန်မထနိုင်တော့သဖြင့် သွေးသစ်ဝင်းလှိုင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။
(အောင်ကျော်ဦး)

No comments:

Post a Comment