
ဆိုးလ် နိုဝင်ဘာ ၂၆
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေကြသည့် တောင်ကိုရီးယား ပြည်သူများက နိုဝင်ဘာ ၂၆ ရက်တွင် လူစုလူဝေးဖြင့် သမ္မတရုံးသို့ ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သမ္မတပတ်ဂွန်ဟေးသည် သူနှင့်နှစ်ပေါင်းများစွာ ခင်မင်ခဲ့သည့် သူငယ်ချင်း ချူယိုဆွန်ဆေးနှင့် သမ္မတ လက်ထောက်နှစ်ဦးတို့၏ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့ခြင်းရှိသည်ဟု နိုဝင်ဘာ ၂ဝ ရက်က လွှတ်တော်အမတ်များ၏ ထုတ်ဖော်ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်သူများက လူစုလူဝေးဖြင့် သမ္မတအား ရာထူးမှ နုတ်ထွက်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
အောက်တိုဘာလမှစပြီး ပြည်သူများက လက်ရှိဖြစ်ပေါ် နေသော အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး စနေနေ့တိုင်း ဆိုးလ်မြို့တွင် ဆန္ဒထုတ်ဖော်လေ့ရှိကြသည်။ လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အကြာက ဆန္ဒထုတ်ဖော်သူပြည်သူပေါင်း ၂၆ဝဝဝဝ ခန့်ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ဆန္ဒထုတ်ဖော်သူအရေအတွက် ၁၈ဝဝဝဝ ခန့်ရှိခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။ ယခု ဆန္ဒထုတ်ဖော်မှုသည် ငါးကြိမ်မြောက်ဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်တွင် တရားရုံးက ပြည်သူများအား သမ္မတရုံးအနီး မီတာ ၂ဝဝ ခန့်အကွာအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာက ဆိုသည်။
ထိုသို့ တရားရုံးကခွင့်ပြုခဲ့ခြင်းမှာ ဆန္ဒထုတ်ဖော် ပြည်သူများ၏ တောင်းဆိုသံကို သမ္မတရုံးအတွင်းမှ ကြားနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြည်သူအချို့က ထင်ကြေးပေးကြသည်။
ဆန္ဒထုတ်ဖော်ပြည်သူများအနက် အတိုက်အခံ ပါတီသုံးခု၏ အဖွဲ့ဝင်များလည်းပါဝင်ကာ သမ္မတအား ရာထူးမှနုတ်ထွက်ရန် အပြင်းအထန်တောင်းဆိုလျက်ရှိသည်ဟု မျှော်လင့်ရသည်။
တစ်ဖက်ကလည်း သမ္မတရုံးအနေဖြင့် လွှတ်တော်အမတ်များ၏ စုံစမ်းတွေ့ရှိချက်များကို အပြင်းအထန် ငြင်းဆန်လျက်ရှိသည်။ သို့သော် သမ္မတပတ်ဂွန်ဟေးအား ထောက်ခံသည့်ရာခိုင်နှုန်းသည် ၄ ရာခိုင်နှုန်းခန့် သိသိသာသာလျော့ကျလျက်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သော ပြည်သူ့ဆန္ဒမဲများအရ သိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment