
မကြာသေးမီက ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို အရေးယူဆောင်ရွက်ရာတွင် သတိထားဆောင်ရွက်ရန်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် လူအခွင့်အရေး ချိုးဖောက်မှုမရှိစေရန် စသည့်မူသုံးချက်ဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားပြီး ထိုမူဝါဒသုံးချက် အပေါ် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းသုံးခုကို အကြမ်းဖက်တိုက်ခိုက်သူများက တစ်ပြိုင်နက်ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်သား နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရပြီးနောက် အကြမ်းဖက် တိုက်ခိုက်သူများအား ရှာဖွေဖမ်းဆီးစစ်ဆေးခြင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးကို ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
မောင်တောခရိုင်အတွင်းရှိနယ်မြေများ ပြန်လည်တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဆောင်ရွက်နေသလို အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်အဆင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုသိရသည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်ခံရမှု အဖြစ်မှန်ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကို အခြေခံ၍ အကြမ်းဖက်မှုထပ်မံမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်အစီအမံနှင့် လုပ်ငန်းစဉ်များကို လေ့လာသုံးသပ်တင်ပြရမည်ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် ယခင်ကလည်း ဖြစ်ပေါ်ခဲ့ဖူးပြီး ယခုဖြစ်စဉ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား အလွန်ထိလွယ်ရှလွယ်ပြီး အကဲဆတ်သောဖြစ်စဉ်ဖြစ်နေသည်။ ထို့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့က ဝေဖန်သုံးသပ်တိုက်တွန်းပြောဆိုမှု များလည်းရှိနေသဖြင့် နိုင်ငံတော်အစိုးရက စနစ်တကျကိုင်တွယ်ဖြေရှင်း ပေးနေခြင်းဖြစ်ပြီး ဖြစ်စဉ်အမှန်များကိုထုတ်ပြန်ပေးကာ စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
မောင်တောဖြစ်စဉ်တွင် အကြမ်းဖက်မှုကျူးလွန်သူများအား စနစ်တကျကိုင်တွယ်တားဆီးခဲ့သည်။ အကြမ်းဖက်မှုကျူးလွန်သူဟု သံသယရှိသူများအား လူ့အခွင့်အရေးချိုးဖောက်မှုမရှိအောင် စနစ်တကျ စစ်ဆေးခဲ့ပြီး စစ်ဆေးဆောင်ရွက်မှုများကိုလည်း မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ပေးကာ အစစ်အဆေးခံနိုင်သည့်အဆင့်အထိ မှတ်တမ်းတင် ထားရှိသည်ဟုသိရသည်။ သံသယရှိသူများအား ရှာဖွေထိန်းသိမ်းထားရာတွင် ပြစ်မှုကျူးလွန်ခြင်းမရှိပါက ပြန်လည်လွှတ်ပေးခဲ့ပြီး အများစုမှာ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံထားသဖြင့် ဥပဒေနှင့်အညီ စနစ်တကျအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်သူများက ဒေသခံ မွတ်စလင်အသိုင်းအဝိုင်းကို ခြိမ်းခြောက်စည်းရုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်စေခဲ့သလို ကျေးရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့သည်။ ထို့အပြင် အင်တာနက် လူမှုကွန်ရက်ကိုအသုံးချ၍ ပြည်ပအခြေစိုက်သတင်းဌာနအချို့နှင့်ချိတ်ဆက်ကာ မမှန်သတင်းများဖြင့် ဝါဒဖြန့် လှုံ့ဆော်မှုများလည်းရှိနေရာ ထိုမမှန်သတင်းများကို အမှန်သတင်းများဖြင့် တုံ့ပြန်ချေဖျက်ကြရမည်ဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များမှာ ရေရှည်အချိန်ယူဖြေရှင်းသွားရမည့်ကိစ္စရပ်ဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကိုလည်း မှန်မှန်ကန်ကန်သိရှိထားရန်လိုအပ်သည်။ မမှန်သတင်းများနှင့်ဆူပူလှုံ့ဆော်မှုများကို အားမပေးမိစေဘဲ ရပ်ရွာတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသခံပြည်သူများပင် နစ်နာဆုံးရှုံးမှုများရှိနိုင်သဖြင့် နိုင်ငံတော်အစိုးရ၏ စနစ်တကျဆောင်ရွက်ပေးမှုများနှင့်အတူ နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ။
No comments:
Post a Comment