သတင်း - မင်းသစ်(သတင်းစဉ်)နှင့်
အေဝမ်းစိုး
မောင်တော နိုဝင်ဘာ ၂၄
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှု ပိတ်ထားခြင်းမရှိသော် လည်း နယ်မြေအခြေအနေအရ ကုန်သွယ်မှု ခေတ္တရပ်တန့်နေကြောင်း၊ မကြာမီ ကောင်းလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း မောင်တော ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင် နေသူများက ဆိုသည်။
အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ မောင်တော - ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှု ခေတ္တရပ်ဆိုင်းခဲ့သော်လည်း အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး နိုဝင်ဘာ ၃ ရက်မှ ယနေ့အချိန်အထိ နယ်စပ်ကုန်သွယ်မှု ခေတ္တရပ်တန့်သွား ကြောင်း မောင်တောကုန်သွယ်ရေးစခန်း ဦးစီးအရာရှိ ဦးခင်ကျော်မြင့်က ပြော သည်။
မောင်တော - ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုမှာ သာမန်အခြေအနေတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေငန် ပုစွန်၊ ငါးခြောက်၊ ဝါးနှင့် အခြား ပစ္စည်းပို့ကုန် ၉ဝ ရာခိုင်နှုန်းရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောသို့ သွင်းကုန်မှာ ဘိလပ်မြေ၊ ဒန်အိုးဒန်ခွက် နှင့် အဝတ်အထည်ပို့ကုန် ၁ဝ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
''တခြားနယ်စပ်တွေနဲ့ ဘင်္ဂလား ဒေ့ရှ်နယ်စပ် ကုန်သွယ်မှုက မတူဘူး။ ထိုင်း၊ တရုတ်နိုင်ငံနယ်စပ်တွေမှာ အဲ့ဒီ ဘက်က မြန်မာနိုင်ငံဘက်ကို သွင်းကုန် အနေနဲ့ တင်သွင်းမှုများတယ်။ ဘင်္ဂလား ဒေ့ရှ်မှာက အထည်ချုပ်လုပ်ငန်းပဲများ တော့ ပို့ကုန်အနေနဲ့ ဆောင်ရွက်တာ နည်းတာကိုတွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ သွင်းကုန်အနေနဲ့ ဒေါ်လာခြောက်သောင်း ကျော်ပဲရှိတယ်'' ဟု ဦးခင်ကျော်မြင့်က ပြောကြားသည်။
''နယ်စပ်တွေမှာက ကုန်သည် အချင်းချင်းနားလည်မှုနဲ့ အရောင်းအဝယ် လုပ်ကြတာ။ ကုန်ပစ္စည်းရောင်းပြီးမှ ငွေချေကြတာ။ ဒီဘက်က နယ်မြေအခြေ အနေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်က ဒီဘက်ကို ပစ္စည်းပို့လိုက်ရင် ဆုံးမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်နေတယ်။ ဒါကြောင့် ဒီဘက်ကို ကုန်ပစ္စည်းမပို့ ဖြစ်တာ'' ဟု ဦးအောင်မြင့်သိန်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်း များမှာ စစ်တွေနှင့် မောင်တောမြို့တို့မှ အဓိက ဝင်ရောက်သည်။ မောင်တော မြို့မှာ ဘင်္ဂလားဒေ့ရှ်နှင့် အဓိကကုန်သွယ် မှုပြုရာ နယ်စပ်ဂိတ်ဖြစ်သည်။
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၇ ဒသမ ၆၆၉သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ဝ ဒသမ ၁ဝ၆ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဒသမ ၃၆၉ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၉၄၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ဝ ဒသမ ဝ၂၇ သန်း ရှိခဲ့ကြောင်း သိရသည်။
မောင်တောကုန်သွယ်ရေးဆိပ်ကမ်း မှ ကုန်တင်ကုန်ချလုပ်သား ဦးမာမက်က ''အလုပ်ရှိရင်တော့ တစ်နေ့ $ငါးထောင် လောက်ရတယ်။ ဟိုဘက် ဒီဘက် ကုန် ပစ္စည်းပို့တာမရှိတော့ အလုပ်လည်းမရှိ ဘူး။ ဝင်ငွေလည်းမရှိဘူး။ မကြာခင် ကုန်သွယ်မှု ပြန်ကောင်းလာမယ်လို့ တော့ ထင်ပါတယ်''ဟု ပြောကြားသည်။
နယ်မြေ အခြေအနေအရ မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှု ခေတ္တရပ်တန့်နေခြင်းကြောင့် မောင်တော ကုန်သွယ်ရေးဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်သို့ ဝါးများတင်ပို့ရန် အခက်ခဲဖြစ်နေပြီး ကုန်သည်များအနေ ဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း မောင်တောမြို့ ရွှေရတနာမြေကုမ္ပဏီမှ သိရသည်။
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့က သန်း ၆ဝဝ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက ထည့်ဝင်ငွေ ကျပ် သန်း ၄ဝဝ စုစုပေါင်း သန်း ၁ဝဝဝ ဖြင့် မောင်တောမြို့ ကညင်ချောင်း၌ ကုန်သွယ်ရေးဇုန်တစ်ခု တည်ဆောက် နေပြီး လက်ရှိအချိန်တွင် ပင်မရုံး၊ ကုန်လှောင်ရုံ၊ ဆိပ်ခံတံတားနှင့် ရုံးခန်း အချို့ ဆောက်လုပ်ပြီးစီးနေပြီဖြစ် ကြောင်း မောင်တောကုန်သွယ်ရေးစခန်း မှ သိရသည်။
No comments:
Post a Comment