
ရန်ကုန် နိုဝင်ဘာ ၂၄
(၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ချီတက်လမ်း လျှောက်ခြင်းနှင့် အထိမ်းအမှတ်ကျောက်စာတိုင်တွင် အလေးပြုခြင်းတို့ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသား သမဂ္ဂများမှ အဖွဲ့ဝင်များနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများအပါအဝင် အင်အား ၁ဝဝ ကျော်တို့သည် ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ မဟာအတုလမာရဇိန် ကြေးသွန်းဘုရားကြီး ရှေ့၌စတင်စုဝေးကာ ကျောင်းသားသမဂ္ဂများမှပေးပို့သော သဝဏ်လွှာများကို အသီးသီးဖတ်ကြားကြပြီးနောက် (၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရာ ပြည်သူ့ရင်ပြင်သို့ ချီတက်လမ်းလျှောက်ကြသည်။
''၁၉၂ဝ နောက်ပိုင်းနှစ်တွေတုန်းက လုပ်ခဲ့တဲ့ အစဉ်အလာအတိုင်းပြန်လုပ်တာပါ။ အရင်နှစ်တွေတုန်းက မြို့မကျောင်းသားဟောင်းတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်တာမျိုးတွေရှိပါတယ်။ အခုတော့ အားလုံး တစုတဝေးတည်း လုပ်ခွင့်ရတဲ့အတွက် အင်မတန်ကောင်းပါတယ်။ သမိုင်းဆိုတာ ဖျောက်ဖျက် ပစ်လို့မရပါဘူး။ အစဉ်ထာဝရ သတိရနေအောင် နှစ်တိုင်း အခုလိုချီတက် လမ်းလျှောက်ပြီး အလေးပြုတာမျိုးတွေ လုပ်သင့်တယ်''ဟု (၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးကော်မတီဝင် ဦးငြိမ်းဇော်အောင်က ပြောသည်။
ထိုသို့ ချီတက်လမ်းလျှောက်ရာတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်၊ ဦးအရိယကျောင်းတိုက်ဝင်းအတွင်းရှိ အထိမ်းအမှတ်ကျောက်စာတိုင်(၁၉၂ဝ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်ကောလိပ်နှင့် ဂျက်ဆင်ကောလိပ်မှ ကျောင်းသားပေါင်း ၅ဝဝဝ ကျော် အစည်းအဝေးကျင်းပပြီး ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသောနေရာ)တွင် ကျဆုံးလေပြီးသော ကျောင်းသားခေါင်းဆောင်များကို အလေးပြုခြင်း၊ ရွှေတိဂုံစေတီတော် အောင်မြေတွင် အောင်မြေနင်း၍ ဆုတောင်းခြင်းနှင့် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်(စနေထောင့်)ရှိ အထိမ်းအမှတ်ကျောက်စာတိုင် (တက္ကသိုလ်ကျောင်းသားကြီး ၁၁ ဦး ယူနီဗာစီတီ အက်ဥပဒေကို ကန့်ကွက် ဆန္ဒပြရန် သစ္စာဓိဋ္ဌာန်ပြုခဲ့ကြသည့် အထိမ်းအမှတ်ကျောက်စာတိုင်) တွင် အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
သတင်း-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဇော်မင်းလတ်
No comments:
Post a Comment