Friday, November 25, 2016

တေးဂီတလောကမှ ခေတ္တအနားယူတော့မယ့် အဒဲလ်

Image may contain: 1 person , closeup
ဂရမ်မီဆုများရှင် ဗြိတိန်ပေါ့ပ်အဆိုတော် အဒဲလ်ဟာ တေးဂီတနဲ့ပတ်သက်တဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သူ့ရဲ့နယ်လှည့် ဖျော်ဖြေရေးခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖောက်ဇ်နယူးစ် ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အသက် (၂၈)နှစ်အရွယ် တေးသံရှင်က သူ့ရဲ့ မြောက်အမေရိကနယ်လှည့် ဖျော်ဖြေရေးခရီးစဉ်တွေအနက် ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာ အရီဇိုးနား ပြည်နယ် ဖိုးနစ်ဇ်မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း ယခုလိုထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။
အဒဲလ်ဟာ လာမယ့်နှစ်အတွင်း နယူးဇီလန်နဲ့ သြစတြေးလျ တို့မှာ သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် အဆိုပါဖျော်ဖြေပွဲတွေကိုလည်း ရပ်နားခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်အနားယူမှုဟာ အချိန်အတော်အတန် ကြာမြင့်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
အဒဲလ်က ''ကျွန်မကျန်ရှိနေတဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကို စွန့်လွှတ် လိုက်ပါပြီ။ ကျွန်မတို့နောက်တစ်ကြိမ်ပြန်တွေ့ကြတာပေါ့။ နောက်နှစ်နှစ်လောက် အကြာမှာတော့ ပရိသတ်တွေရှေ့အရောက်ပြန်လာမှာပါ။ ပရိသတ်တွေကလည်း ကျွန်မကို မေ့မပစ်လိုက်ကြပါနဲ့''လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုအနားယူခဲ့ရတာနဲ့ပတ်သက်ပြီးအဒဲလ်က သူ့မှာ ဒုတိယမြောက် ရင်သွေးလေးရှိနေတာကြောင့်ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ အဒဲလ်မှာ အတူနေချစ်သူ ဆိုင်မွန်ကိုနက်ကီနဲ့ ရရှိထားတဲ့ အသက်လေးနှစ်အရွယ်သားလေး အန်ဂျလိုလည်း ရှိပါတယ်။
ယခုနှစ်ရဲ့ အသက် (၃ဝ)အောက် ဗြိတိန်အနုပညာရှင်တွေအနက် ဝင်ငွေ အကောင်းဆုံးဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်အဒဲလ်ဟာ ပြီးခဲ့တဲ့ ၁ဝ လအတွင်း နယ်လှည့်ဖျော်ဖြေပွဲပေါင်း ၁ဝ၇ ပွဲကို ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်ရေးသားသည်

No comments:

Post a Comment