Thursday, November 3, 2016

စားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် လယ်ယာကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအရေးကြီးလာ မလိုအပ်သည့် အပိုကုန်ကျမှုများကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများ အထူးပင်လို



Image may contain: crowd, one or more people and indoor
နေပြည်တော် နိုဝင်ဘာ ၂
မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးအတွက် မြန်မာနိုင်ငံ၏ပထဝီနိုင်ငံရေး အချက်အချာကျမှုကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရန် အထူးအရေးကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။
ဆက်လက်၍ ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုးနှင့် ကုန်သွယ်မှုအချိုး၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ကုန်သွယ်မှု အပေါ်မှီခိုမှု (Trade Dependency)သည် ၃ဝ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သည့် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန်ရည်ရွယ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ကိုချမှတ်ထားပါကြောင်း၊ ယင်းပန်းတိုင်များထဲတွင် လူတိုင်းအတွက်သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေးတိုးတက်မှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သည့် စားသုံးမှု၊ ထုတ်လုပ်မှုပုံစံများ အခိုင်အမာ ပေါ်ပေါက်လာရေးဆိုသည့် ပန်းတိုင်နှစ်ရပ် ပါဝင်ပါကြောင်း၊ ယင်းကိစ္စများ ပြည့်ဝရန်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် ကုန်သွယ်မှု ကဏ္ဍများသည် အဓိကကျနေပြီး ကမ္ဘာ့ဈေးကွက်၊ ကမ္ဘာ့စီးပွားရေးနှင့် မည်မျှအထိ လျင်လျင်မြန်မြန် ပေါင်းစည်းနိုင်မည်ဆိုသည့် အချက်အပေါ်တွင် မူတည်နေကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (Diagnostic Trade Integration Study - DTIS)ကို ပြုစုခဲ့ပါကြောင်း၊ ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် DTIS အစီရင်ခံစာပါ Actions Matrix များ အပါအဝင် အခြားဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများက ပြုစုထားသည့် အစီရင်ခံစာပါ Actions Matrix များစုပေါင်း၍ Medium Term Plan ရေးဆွဲ ပြုစု ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယသမ္မတက ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင်နှုန်း ကနဦးခန့်မှန်းထားခဲ့ရာမှ ယခုနောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာခြင်း၊ ကုန်စည်ဈေးနှုန်းများ ကျဆင်းလာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအားပျော့လာခြင်း၊ အရင်းအနှီး စီးဆင်းမှုနှေးကွေးသွားခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါကြောင်း၊ ထွန်းသစ်စဈေးကွက်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်တင်ပို့မှုများသည်လည်း အဓိကကုန်စည်များနှင့် ရေနံဈေးနှုန်းကျဆင်းလာမှုကြောင့် ရုန်းကန်နေရသည့် အနေအထားသို့ ရောက်ရှိခဲ့ရပါကြောင်း၊ ကမ္ဘာ့စီးပွားရေးနှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ စီးပွားရေးများသည်လည်း နှေးကွေးလာပါကြောင်း၊ ယခုအချိန်တွင် မိမိတို့မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့်ပေါင်းစည်းမှု အလျင်အမြန် မြင့်မားလာရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီးပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် မူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူဝါဒများ ချမှတ်သည့်အခါ ရေရှည်ကာလအတွက်ပါ စဉ်းစားဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားထားနေရသည့်အတွက် စီးပွားရေးမူဝါဒတွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ခေတ်မီအောင် ဆောင်ရွက်ရန်ဆိုသည့်အချက် ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးတွင် စားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် လယ်ယာကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် မလွဲမသွေ ပိုမိုအရေးကြီးလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ကုန်သွယ်မှုအခြေအနေသည် တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ကုန်သွယ်မှုအခြေအနေကောင်းမွန်ရန် ကုန်သွယ်ရေးမူဘောင်နှင့် အင်စတီကျူးရှင်းများ၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးကော်ရစ်ဒါကြီးများ၊ ကုန်စည်ဆိုင်ရာ အရည်အသွေးနှင့် စံချိန် စံညွှန်းသတ်မှတ်မှုများ၊ မလိုအပ်သည့် အပိုကုန်ကျမှုများကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အထူးပင်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုလိုငွေပြခြင်းသည် ပို့ကုန်မြှင့်တင်ရေးကို တွန်းအားပေး လုပ်ဆောင်ကြရမည်ဆိုသည်ကို သတိပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုလိုငွေပြနေခြင်းသည် ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု မြင့်တက်မှုကို တစ်ဖက်တစ်လမ်းက သက်ရောက်မှုရှိသကဲ့သို့ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတန်ဖိုးကို ကြီးကြီးမားမား ထိခိုက်မှုများရှိနေပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့်အတူ ပို့ကုန်မြှင့်တင်ရေးကိုပါ အလေးပေးဆောင်ရွက်သွားနိုင်ရန် ထည့်သွင်းစဉ်းစားဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ဒုတိယသမ္မတ က ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးမူဝါဒတွင် ဖော်ပြထားသည့်အချက်များကို ကြည့်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကျသောအချက်များကို ဆောင်ရွက်နိုင်ရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများရရှိရေးနှင့် အပြည်ပြည် ဆိုင်ရာစီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အခြေခံအဆောက်အအုံများ မြန်ဆန်စွာတိုးတက်လာရေးအတွက် လိုအပ်သည့်အချက်များကို ဦးစားပေးဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စသည့်အချက်များကို အဓိက ထားဖော်ဆောင်ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ကုန်သွယ်မှုနှင့်ဆက်စပ်သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ယှဉ်ပြိုင်မှုမူဝါဒဥပဒေများကိုလည်း ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ ပို့ကုန်သွင်းကုန်ဥပဒေများသည် တိုးတက်လာသည့် ကုန်သွယ်မှုပုံစံများ၊ နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှု အားနည်းသည့်အပြင် ဝန်ကြီးဌာနအတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများကို ခြုံငုံမှုမရှိသည့် အတွက် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေရေးဆွဲရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Abdoulaye Seck က နှုတ်ခွန်းဆက်စကားပြောကြားသည်။
အဆိုပါ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hiltion ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း ၂ဝဝ ခန့် တက်ရောက်ကြကာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံလေ့လာမှုအဆင့်နှင့်ပတ်သက်သည့် အဓိကအချက်များ၊ Medium Term Program နှင့် DTIS and Medium Term Program တို့နှင့်ပတ်သက်သည့် အဓိကအချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment