Sunday, November 27, 2016

ဆောင်းရာသီ အပန်းဖြေနိုင်မည့် နေပြည်တော်ရေပူစမ်းအပန်းဖြေစခန်းဖွင့်လှစ်



The Mirror Daily's photo.
နေပြည်တော် နိုဝင်ဘာ ၂၆
၂ဝ၁၆ - ၂ဝ၁၇ ခုနှစ် ဆောင်းရာသီ၏ နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် - ပင်လောင်းကားလမ်း တောင်ကျကျေးရွာအနီးရှိ အဆိုပါအပန်းဖြေ စခန်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ကရင်တိုင်းရင်းသားရိုးရာ အကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက ရေပူစမ်းအပန်း ဖြေစခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နေပြည်တော်ရေပူစမ်းအပန်း ဖြေစခန်းဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်းပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကရင်တိုင်းရင်းသားရိုးရာ ဝါးညှပ်အက ကပြ ဖျော်ဖြေမှုအား ကြည့်ရှုပြီး နေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းသည် ပင်လောင်းမြို့နယ် တောင်ကျ ကျေးရွာအနီးတွင်တည်ရှိပြီး နေပြည်တော် - ပင်လောင်း ကားလမ်း မိုင်တိုင် ၂၄ မိုင် ၄ ဖာလုံ လမ်းခွဲမှ ၁ မိုင် ၆ ဖာလုံ ကွာဝေးကာ ၂ဝ၁ဝ ခုနှစ် ဧပြီ ၉ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။
နေပြည်တော် ရေပူစမ်းသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅ဝ၈ ပေ အမြင့်တွင်တည်ရှိပြီး ဝဲ၊ ယာဘက်တွင် မြင့်မားသော တောင်တန်းကြီးများက ကာရံထားကာ သဘာဝတောတောင်၏ အလှကို အားပါးတရ တွေ့မြင်ခံစားနိုင်သည်။
နေပြည်တော် ရေပူစမ်းအပန်းဖြေ စခန်းသည် နေရာသုံးနေရာမှ သဘာဝအလျောက် ထွက်ရှိသည့် ရေပူများကို ရေပူစီးကြောင်းဖြင့် လည်းကောင်း၊ ရေအေးစီးကြောင်းမှ ရေအေးများကို ရေအေးစီးကြောင်း ဖြင့်လည်းကောင်း သွယ်ယူ၍ ပြင်ပ စုပေါင်းရေစိမ်ကန် လေးကန်၊ သီးသန့် (ကျား၊ မ) ရေစိမ်ခန်း လေးခန်း၊ လုံးချင်းရေစိမ်ခန်း သုံးခန်းနှင့် ခြောက်ခန်းတွဲ ရေစိမ်ခန်းများသို့ ရေပူ၊ ရေအေးရောစပ်၍ ပြည်သူအများ အသုံးပြုအပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။
ထို့အပြင် ရေပူစမ်း အပန်းဖြေစခန်းအတွင်း ပတ်ဝန်းကျင်ကိုကြည့်ရှုပြီး နားနေနိုင်သည့် နားနေဆောင် (ဂါဇီဘို) သုံးခုနှင့် ကျား၊ မ သီးခြား အဝတ်လဲခန်းများနှင့် သန့်စင်ခန်းများပါ တည်ဆောက်ပေးထားကာ လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးထားသည်။
အပန်းဖြေ အနားယူသူများ စားသောက်နိုင်စေရန် ဒေသခံတိုင်းရင်းသား စားသောက်ဆိုင်များနှင့် အဆင့်မြင့်စားသောက်ဆိုင်များရှိပြီး ဒေသထွက်သီးနှံများဖြစ်သော နနွင်း ခါး၊ ဖာလာ၊ တညင်း၊ ရွှေနီငှက်ပျော၊ မျှစ်ချဉ်၊ ပျားရည်နှင့် ဆေးဖက်ဝင် သစ်ဥသစ်ဖုများ၊ သစ်ခွပန်းများကိုပါ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
(ဇော်မင်းအောင်)

No comments:

Post a Comment