Wednesday, November 30, 2016

မောင်တောခရိုင်တွင် မိုးစပါးများရိတ်သိမ်း၊ ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်



Image may contain: grass, sky, outdoor and nature
မောင်တော နိုဝင်ဘာ ၂၉
မောင်တောခရိုင်တွင် မိုးစပါးများ ရိတ်သိမ်းလျက်ရှိပြီး ဆောင်းသီးနှံများ စတင်စိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မောင်တောခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးသာကျော်က ပြောကြားသည်။
မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် နှစ်မြို့နယ်ပေါင်း စပါးစိုက်ဧက ၁၅၁၉၅၃ ဧကရှိသည့်အနက် ၆၆၆၇၉ ဧက ရိတ်သိမ်းခဲ့ပြီး စပါး ၄၅၂၁၄၉၅ တင်းထွက်ရှိကြောင်း၊ စပါးရိတ်ပြီး လယ်ကွက်များတွင် ဆောင်းသီးနှံများဖြစ်သော အာလူး၊ ဆီမုံညင်း၊ ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးသာကျော် က ပြောကြားခဲ့ခြင်းဖြစ်သည်။
''နွေစပါးကတော့ ဒီဇင်ဘာလမှာ ပျိုးထောင်ပြီး ဇန်နဝါရီလလောက်မှာ စတင်စိုက်ပျိုးကြမှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရွှေဇားကျေးရွာအုပ်စု ကညင်ချောင်းကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးသောင်းထွန်းက ''ကျွန်တော်ကတော့ လယ် ၁၅ ဧကလောက် ပိုင်ပါတယ်။ ရေငန်ပိုင်းဆိုတော့ တစ်ဧက တင်း ၄ဝ လောက်ပဲ ထွက်ပါ တယ်။ စပါးရိတ်ဖို့အတွက် အလုပ်သမားတစ်ယောက်ကို တစ်နေ့ထမင်း သုံးနပ်ကျွေး ၇ဝဝဝ ပေးခေါ်ရပါတယ်။ ကွမ်း၊ ဆေးလိပ်ပါ ပါရင် တစ်ယောက်ကို ၉၅ဝဝ လောက် ကျပါတယ်။ လယ်တော်တော်များများကတော့ ရိတ်ပြီးပါပြီ။ တစ်နှစ်ကို စပါးတင်း စုစုပေါင်း ၁၅ဝဝ၊ ၂ဝဝဝ နီးပါးလောက် ရပါတယ်''ဟု ပြောကြားသည်။
မောင်တောခရိုင်တွင် စိုက်ပျိုးသည့် ထွက်နှုန်းကောင်းသော စပါးမျိုးများမှာ ရတနာအောင်၊ သီးထပ်ရင်၊ ဆင်းသွယ်လတ်၊ မနော်ဟာရီ၊ မနောသုခ၊ ပုလဲသွယ်၊ ရတနာတိုးတို့ဖြစ်ပြီး ဒေသမျိုးမှာ ငစိန်၊ မြီးတုံး၊ ကောက်ညှင်းနှင့် တောင်ယာစပါးများဖြစ်ကြောင်း ခရိုင် စိုက်ပျိုးရေးရုံးမှ သိရသည်။
(အေဝမ်းစိုး)

No comments:

Post a Comment