Wednesday, November 30, 2016

ရှမ်းနှစ်သစ်ကူးပွဲတော် မီးပုံးပျံပြိုင်ပွဲအတွက် အလှူငွေကျပ်သိန်း ၂ဝဝ လှူဒါန်း



Image may contain: 3 people , child
နေပြည်တော် နိုဝင်ဘာ ၂၉
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် နိုဝင်ဘာ ၃ဝ ရက်တွင် ကျရောက်မည့် ရှမ်းသက္ကရာဇ် ၂၁၁၁ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် မီးပုံးပျံပြိုင်ပွဲအတွက် အလှူငွေကျပ် သိန်း ၂ဝဝ ကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဝင်းအတွင်းရှိ ကွင်းပြင်၌ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးခင်အောင်နှင့် ဒေါ်ခင်ဝင်းရီတို့က ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးခင်အောင်က ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကြီးကို ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၌ လာရောက်ကျင်းပခြင်းအတွက် ရှမ်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် တောင်ကြီးမြို့သူ မြို့သားများအားလုံး ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်စေရန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်း လိုင်းခမ်း၏ စီစဉ်ညွှန်ကြားမှုဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ရှမ်းနှစ်သစ် ကူးပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်နေကြသည့် မီးပုံးပျံဝါသနာရှင်များကို ဆုချီးမြှင့်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖောင်ဒေးရှင်းအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပါဝင်ခဲ့ရသည့် အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် ယခင်နှစ်ကလည်း ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ပံ့ပိုးကူညီလှူဒါန်းခဲ့ပါကြောင်း၊ ယခုနှစ် ရှမ်းနှစ်သစ်ကူးတွင် ရှမ်းတိုင်းရင်းသား တိုင်းရင်းသူများအပြင် ပြည်သူ ပြည်သားများအားလုံး အေးချမ်းပျော်ရွှင်ကြပါစေကြောင်း ပြောကြားခဲ့သည်။အဆိုပါလှူဒါန်းငွေများကို ရှမ်းနှစ်သစ်ကူးပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ ဆုချီးမြှင့် ငွေများအဖြစ် ပြန်လည်အသုံးပြုသွားမည်ဟု သိရသည်။
အလားတူ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ဇနီး၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်နှင့်အဖွဲ့ဝင်များ၊ ဖောင်ဒေးရှင်းမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းရိုးမဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် တောင်ကြီးမြို့ အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ အမျိုးသမီးများ အတွက် ခေါင်းစွပ်ပါအနွေးထည်များကိုလည်း နိုဝင်ဘာ ၂၉ ရက်က သွားရောက်လှူဒါန်းခဲ့သည်။
ဖောင်ဒေးရှင်းအနေဖြင့် ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါ အနွေးထည် ၂ဝ၅ဝဝဝ ကို ပြည်ပမှ မှာယူလှူဒါန်းလျက်ရှိရာ အနွေးထည် စုစုပေါင်း ၁၆ဝဝဝဝ ကို လှူဒါန်းထားပြီး ကျန်ရှိနေသေးသော အအေးဒဏ် လွန်ကဲသည့်ဒေသများမှ ပြည်သူများအတွက် ဆက်လက်လှူဒါန်းလျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းစတင်ဖွဲ့စည်းတည်ထောင်သည့် ၂ဝဝ၇ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအတွက် ငွေကျပ် ၁၁ဝ ဘီလီယံ ကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
(ဖိုးရှမ်းလေး)

No comments:

Post a Comment