Wednesday, November 30, 2016

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း အမြန်ဆုံးဖွင့်လှစ်ရန် ပို့ကုန်လုပ်ငန်းရှင်များ မျှော်လင့်



Image may contain: sky, outdoor, nature and one or more people
မောင်တော နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ခေတ္တရပ်နားထားရသော မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပို့ကုန်များ အမြန်တင်ပို့သွားနိုင်ရန် မျှော်လင့်ထားကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။
''အောက်တိုဘာ ၉ ရက် အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် မောင်တော နယ်စပ်ကုန်သွယ် ရေးကို ရပ်နားထားခဲ့ရပါတယ်။ မဖြစ် မနေတင်ပို့ရမယ့် ရေထွက်ပစ္စည်းတွေ ကိုတော့ တစ်ဖက်နိုင်ငံနဲ့ ချိတ်ဆက်ပြီး အောက်တိုဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ ပြန်လည်တင်ပို့ခဲ့ပြီး အခြေအနေအရ ရပ်နားထားရပါတယ်။ ဒီလိုရပ်နားထားရတဲ့အတွက် အလယ် အလတ်ကုန်သည်တွေ ထိခိုက်မှုမရှိ ပေမယ့် ရွှေ့လို့ပြောင်းလို့မလွယ်တဲ့ ဝါးလုံးလို ပို့ကုန်တွေမပို့နိုင်တဲ့အတွက် ရေရှည်မှာ ထိခိုက်မှုရှိနိုင်ပါတယ်။ ဝါးလုံးပို့ကုန်တွေ မပို့နိုင်တဲ့အတွက် တန်ဖိုးအားဖြင့် သိန်းထောင်ချီ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ကုန်သည်တွေရဲ့ ပြောဆိုချက်အရ ဝါးတွေက အိကျလာပြီလို့ဆိုပါတယ်။ ကြာကြာထားမယ်ဆိုရင် ပို့ကုန်တွေဟာ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ရေရှည်မှာဆိုရင်တော့ ပုစွန်ပို့ကုန် ရာသီဖြစ်တဲ့အတွက် အချိန်မီပြန်ပို့ နိုင်ခြင်းမရှိဘူးဆိုရင် အစာစရိတ်တွေ၊ ထိန်းသိမ်းစရိတ်တွေ ကုန်ကျမှာဖြစ်တဲ့ အတွက် ထိခိုက်မှုရှိနိုင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဆက်လက်တည်ငြိမ်မှုရှိနေမယ်ဆိုရင် နယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်''ဟု ဦးအောင်မြင့်သိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုရှိပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နယ်မြေ လုံခြုံရေးအခြေအနေအရ ပိတ်ထား ရဆဲဖြစ်သည်။ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချို၊ ရေငန်ပုစွန်နှင့် ငါးခြောက်များ၊ ဝါးလုံးများ အဓိက တင်ပို့ရာ နယ်စပ်စခန်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိ ကန်ဒေါ်လာ ခြောက်သန်းဖိုးတင်ပို့ရန် လျာထားရာမှ နိုဝင်ဘာလလယ်အထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၂ဝ သန်းအထိ တင်ပို့ နိုင်ပြီဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ ကုန်အထိ ပို့ကုန်လျာထားချက်ကို ပြည့်မီအောင်တင်ပို့သွားနိုင်ရန် မျှော်လင့်ထားကြောင်း၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းသည် တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်ရေး စခန်းကိုးခုရှိသည့်အနက် ပို့ကုန် အသာစီးအရဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ကြောင်း သိရသည်။
သတင်း - မြင့်မောင်စိုး
ဓာတ်ပုံ - အေဝမ်းစိုး

No comments:

Post a Comment