Wednesday, November 2, 2016

စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းစတင်



Image may contain: sky and outdoor
ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အနေဖြင့် ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ စီမံကိန်းတွင် အဆင့်မြင့်ဟိုတယ် အဆောက်အအုံ တစ်လုံး၊ ရုံးခန်းအဆောက်အအုံ လေးလုံး၊ Service Appartments အဆောက်အအုံ ခုနစ်လုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ်နှင့် ကုန်သွယ်ရေးစင်တာများနှင့် ငါးထပ်ပါရှိသော ဈေးဝယ်စင်တာ များအစရှိသည့် စီးပွားရေးအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ကွန်ဗင်းရှင်းစင်တာအသစ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် ပထမဦးဆုံးသော Integrated Mixed Development အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
စီမံကိန်းဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ပထမမြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်(မြန်မာဗွီပိုင် အုပ်စု)က စာချုပ်များလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်၏ ခွင့်ပြုချက်လည်းရရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ခေတ်မီကွန်ဗင်းရှင်းစင်တာဆောက်လုပ်ရန်အတွက် မြေတိုင်းတာ၍မြေနေရာ သတ်မှတ်ခြင်းများ၊ မြေသားစမ်းသပ်ခြင်းလုပ်ငန်းများ၊ မြေအောက်ယာဉ်ရပ်နား ရန်နေရာ အထပ်သုံးထပ်အတွက် မြေသားတူးဖော်ခြင်းလုပ်ငန်းများနှင့် ပိုင်ဝန် အားခံနိုင်မှုစမ်းသပ်ခြင်းလုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။ ခေတ်မီကွန်ဗင်းရှင်းစင်တာ၏ဒီဇိုင်းတစ်ခုလုံးမှာလည်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ ပွင့်လင်းရာသီစတင်လျှင် ဘိုးပိုင်လုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပထမမြန်မာဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်(မြန်မာဗွီပိုင်အုပ်စု)ဥက္ကဋ္ဌ ဒေါက်တာစုံဟန်က ပြောကြားသည်။
''ကျွန်တော်တို့ကတော့ အခြေခံအဆောက်အအုံတွေနဲ့ ကွန်ဗင်းရှင်းစင်တာ အသစ်ကို ဆောက်လုပ်သွားမှာပါ။ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကတော့ သူတို့ဘာဖွင့်ချင်လဲ၊ ဘာလုပ်ဆောင်ချင်ကြလဲဆိုတာနောက်မှ ကျွန်တော်တို့နဲ့ ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်လာပါလိမ့်မယ်။ ကွန်ဗင်းရှင်းစင်တာအဟောင်းကိုတော့ မဖျက်သိမ်းသေးဘဲ အဲအနီးက နေရာသီးသန့်မှာ လက်ရှိရှိနေတဲ့ ကွန်ဗင်းရှင်းစင်တာအဟောင်းထက် ငါးဆလောက်ကြီးမားတဲ့ကွန်ဗင်းရှင်း စင်တာအသစ်ကို ထည့်သွင်းဆောက်လုပ်သွားမှာပါ။ စီမံကိန်းကြီးပြီးစီးသွားပြီ ဆိုရင်တော့ နိုင်ငံတကာက လာရောက်ပြသကြမယ့် ကုန်စည်ပြပွဲများအပါအဝင် ကျင်းပကြမယ့် ညီလာခံများအတွက် လွန်စွာအကျိုးရှိစေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ထွန်းစေပါလိမ့်မယ်။ ပြီးတော့ဒီစီမံကိန်းထဲမှာ အိုင်တီ Trade Center ကိုလည်း ထည့်သွင်းဆောက်လုပ်မှာဆိုတော့ ပြည်သူတွေအတွက် အသိပညာတွေ ပိုမိုတိုးတက်လာစေမှာဖြစ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း များစွာပေါ်ပေါက်လာပါလိမ့်မယ်''ဟု ၎င်းက ပြောသည်။
ခေတ်မီကွန်ဗင်းရှင်းစင်တာကို သတ်မှတ်ထားသည့်အချိန်တွင် ဆောင်ရွက်ပြီးစီးရန်အတွက် တတ်အားသမျှ ကြိုးစားပြီးဆောင်ရွက်လျက်ရှိ ကြောင်း၊ ခေတ်မီကွန်ဗင်းရှင်းစင်တာဆောက်လုပ်ခြင်းနှင့်အတူ ခေတ်မီဟိုတယ် တစ်လုံးတည်ဆောက်ရေးနှင့် Serviced Apartment များတည်ဆောက်ရေးကိုလည်း လက်ရှိတစ်ဆက်တည်းလုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယဗဟိုစီးပွား ရေးဇုန်(မင်းဓမ္မ)စီမံကိန်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ ရှိနေသောကွန်ဗင်းရှင်းစင်တာ ကိုလည်း တတ်နိုင်သမျှအချိန်ထိ မဖျက်သေးဘဲပြပွဲများနှင့် အခြားအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေဖြစ်သည့် တော်ဝင်လမ်းနှင့်မင်းဓမ္မလမ်း အကြားရှိ အကျယ် ၃၆ ဒသမ ၅၅၁ ဧကအား ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပထမမြန်မာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်(မြန်မာဗွီပိုင်အုပ်စု)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အားမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းစဉ်များအရ ဖွံ့ဖြိုးရေးဇုန်ကြီးများအား လျာထားခဲ့ရာ ဒုတိယဗဟိုစီးပွား ရေးဇုန်(မင်းဓမ္မ) စီမံကိန်းတည်ဆောက်ရေးလည်းအပါအဝင် တစ်ခုဖြစ်လာခဲ့ ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းဆောင်ရွက်ရန်အတွက် ကိုးမိုင်ရှိ ပြည်လမ်းနှင့် မင်းဓမ္မလမ်း အကြားရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင်မြေ၊ တပ်မတော်ပိုင်မြေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေ စုစုပေါင်း ၃၆၉ဒသမ ၄၅၅ ဧကအား အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား သတ်မှတ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ (စိုးဝင်း-MLA)

No comments:

Post a Comment