Wednesday, November 2, 2016

သတ္တုကဏ္ဍမှ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိ

Image may contain: 10 people , outdoor
နေပြည်တော် နိုဝင်ဘာ ၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တို ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့နှင့် အတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇရစ်ချောင်ကျေးရွာ အနီး ကေလာသ သဘာဝထိန်းသိမ်းရေးနယ်မြေ အရှေ့ ဘက်အနီးရှိ Rock Well Mining ကုမ္ပဏီ၏ ကျောက်ခွဲ စက်တည်ဆောက်မည့်မြေနေရာအား ရောက်ရှိစစ်ဆေးသည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ များနှင့်အတူ မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမ တောင်ကြိုးဝိုင်း အကွက်အမှတ်(၄၇)အတွင်း Long Life Aggregate Mining ကုမ္ပဏီ၏ လမ်းခင်းကျောက် ထုတ်လုပ်လျက်ရှိသော ကျောက်ခွဲစက်နှင့် ကျောက်မိုင်းသို့ ရောက်ရှိစစ်ဆေးသည်။
ဆက်လက်၍ အောက်တိုဘာ ၂၉ ရက်တွင် ပေါင်မြို့နယ် ကုလားမတောင်ကြိုးဝိုင်း အကွက်အမှတ် (၅၉)အတွင်း ရွှေမြင့်မိုရ်ထွန်းကုမ္ပဏီ၏ လမ်းခင်းကျောက် ထုတ်လုပ်လျက်ရှိသည့် ကျောက်မိုင်းနှင့် ကျောက်ခွဲစက်သို့ ရောက်ရှိစစ်ဆေးသည်။
ယင်းနောက် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အမှတ်(၁) သတ္တုတွင်းဦးစီးဌာန၏ မြေစေးဖြူစက်ရုံသို့ ရောက်ရှိ စစ်ဆေးရာ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လယ်ယာမြေနှင့်စီမံကိန်းစာရင်းဦးစီးဌာနတို့မှ အဆိုပါစက်ရုံမြေနေရာ မြေရာဇဝင်အား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ထုံးလုပ်နည်းနှင့် အညီ စုံစမ်းရေးကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု အပေါ် မှတ်တမ်းတင်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ပြီး မြေစေးဖြူစက်ရုံဝင်းအား လှည့်လည်စစ်ဆေး ကြည့်ရှုသည်။
ထို့နောက် မုဒုံမြို့နယ် အဇင်းဆည် ရေဝေရေလဲဧရိယာ အတွင်းရှိ မော်လမြိုင်(ထင်း)ကြိုးဝိုင်း အကွက်အမှတ်(၂၁)အတွင်းရှိ (၁/၁၉၉၇)ရေဝေရေလဲစိုက်ခင်းဧက ၁ဝဝ အတွင်း ကြိုးဝိုင်းကျူးကျော် ရော်ဘာစိုက်ပျိုးထားသည့် နေရာသို့ ရောက်ရှိစစ်ဆေးသည်။
ဆက်လက်၍ မုဒုံမြို့နယ် တာပသွန် သစ်တောသုတေ သနစခန်းသို့ ရောက်ရှိ၍ စခန်းအတွင်း ၁၉၉၈ ခုနှစ်တွင် စိုက်ပျိုးထားသည့် အကေးရှား ကရက်စ်စီ ကာပါး Acacia carassicarpa နှင့် အကေးရှား အော်လာကိုကာပါး Acacia aulacocarpa သစ်စေ့ထုတ်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် သစ်တော ဦးစီးဌာန ဧည့်ရိပ်သာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား တွေ့ဆုံ၍ သတ္တုကဏ္ဍမှ နိုင်ငံတော်မှရရန်ရှိသည့် အခွန်အခများ အပြည့်အဝရရှိရေး၊ အသေးစားသတ္တုလုပ် ကွက်သစ်များ လျှောက်ထားခွင့်ပြုရေး၊ ပြည်နယ်အတွင်း ဝန်ထမ်းများတိုးမြှင့်ခန့်ထားရေး၊ သစ်ထုတ်လျာထားချက်များ သတ်မှတ်နိုင်ရေးနှင့် ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများ စာချုပ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနရုံးတွင် ပြည်နယ်အတွင်းရှိ သတ္တုလုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးသည်။
ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ရောက်ရှိရာ ပြည်နယ် ညွှန်ကြားရေးမှူး၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများတင်ပြ ခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေတွင်းကုန်း ကျေးရွာအနီးရှိ သစ်စေ့နှင့်ပျိုးပင်ထုတ်လုပ် ရေးစခန်းအတွင်းတည်ဆောက်လျက်ရှိသော အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေး (AFoCo) အစီအစဉ်အရ တည်ဆောက်လျက်ရှိသော ဒေသအဆင့် သစ်တောပညာလေ့ကျင့်ပညာပေးသင်တန်း ကျောင်း (Regional Forestry Education and Training Center) ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး ခဲ့ရာ စီမံကိန်းတာဝန်ခံ Dr. Lee Seong Han ရှင်းလင်း တင်ပြမှုများအပေါ် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမည့်ကာလ၊ အာဆီယံဒေသတွင်းနိုင်ငံများအတွက် သင်တန်းများဖွင့်လှစ်ပို့ချမည့်အစီအစဉ်နှင့် သင်ကြားပို့ချမည့် ဆရာများ ရရှိနိုင်မှု၊ ပြည်တွင်းသင်တန်းများဖွင့်လှစ်ပို့ချမည့်အစီအစဉ်နှင့် လုပ်ငန်းရန်ပုံငွေကူညီပံ့ပိုးမည့် အစီအစဉ်များအား ပြန်လည်ဆွေးနွေးသည်။
အောက်တိုဘာ ၃ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၃)သို့ သွားရောက်စစ်ဆေးသည်။
ဆက်လက်၍ လှိုင်မြို့နယ် မြန်မာ့သစ်လုပ်ငန်း အမှတ်(၈)သစ်စက် စက်ရုံအတွင်း Thai Sawat ကုမ္ပဏီ မှ ကုန်ကြမ်းသစ်လုံးများ နဝလီစနစ်ဖြင့်လက်ခံခွဲစိတ်နေမှုများအား လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ပြီး စက်ရုံအတွင်း မီးဘေးလုံခြုံရေးအစီအမံများ အလေးထားလိုက်နာဆောင် ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အတွင်းရှိ သဘာဝသမိုင်းပြတိုက်တွင် ကျင်းပသည့် တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစီမံကိန်းများစတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr. Hong Liang နှင့်အတူ အမှတ်တရသစ်ပင်စိုက်ပျိုးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ကွင်းဆင်းအခြေစိုက်စခန်း(ရန်ကုန်)သို့ သွားရောက် စစ်ဆေးခဲ့ရာ စခန်းတာဝန်ခံက လုပ်ငန်းဆောင် ရွက်နေမှုများအား တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက ပညာရပ်ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ပညာရှင်များ စုဆောင်းခန့်ထားရန် လိုအပ်ကြောင်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဝယ်ယူဖြည့်ဆည်းရန်နှင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းခန့်ထားမည့်အစီအစဉ်များ ရေးဆွဲတင်ပြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကွင်းဆင်းအခြေစိုက်စခန်းအတွင်းရှိ ဓာတ်ခွဲ ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာပါ အကြံပြုသဘောထား မှတ်ချက် များနှင့်စပ်လျဉ်း၍ အစီရင်ခံစာတစ်ခုချင်းစီ အလိုက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအား စနစ်တကျ စာရင်းပြုစု၍ နောက်ဆက်တွဲစစ်ဆေးခြင်းများ ဆောင်ရွက် ရန်နှင့် ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အစိုးရ ဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment