Monday, November 28, 2016

ဆောက်ဂိတ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်

Image may contain: 1 person , suit
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိအင်္ဂလန်အသင်းတွင် ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ် လျက်ရှိသည့် နည်းပြဆောက်ဂိတ်အား အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ချုပ်၏ ဘုတ်အဖွဲ့အစည်းအဝေးကျင်းပမည့် ဗုဒ္ဓဟူးနေ့မတိုင်းမီ နည်းပြဆောက်ဂိတ်အား အမြဲတမ်းနည်းပြအဖြစ်ခန့်အပ် သွားရန်လည်းရှိနေသည်။
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်သည် နည်းပြဟောင်း ဆမ်အလာဒွိုက်နေရာတွင် အစားထိုးနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ယာယီနည်းပြအဖြစ်နှင့်သာ တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်အနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းတွင် နည်းပြလက်မဲ့ဖြစ်ခဲ့ရပြီးနောက် အသက်(၂၁)နှစ်အောက် အသင်းနည်းပြဖြစ်သည့် ဆောက်ဂိတ်အား လက်ရွေးစင်အသင်းနည်းပြအဖြစ် ယာယီခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကစားခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် လက်ရွေးစင်အသင်း၏ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
နည်းပြဆောက်ဂိတ်သည် အင်္ဂလန်အသင်းနှင့် ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်သုံးပွဲ ကိုင်တွယ်ခဲ့ရာတွင် အောက်တိုဘာ ၈ ရက်က မယ်လ်တာအသင်းကို နှစ်ဂိုးပြတ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်က စကော့တလန်အသင်းကို သုံးဂိုးပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး အောက်တိုဘာ ၁၁ ရက်က ဆလိုဗေးနီးယားအသင်းနှင့် ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း ရလဒ်အသီးသီးထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ စတီဗင်ဂျာရတ်သည် ယခုတစ်ပတ်ထဲတွင် ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး စတီဗင်ဂျာရတ်မှာ အင်္ဂလန်အသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လာဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ငွေကြယ်

No comments:

Post a Comment