Monday, November 28, 2016

ရုပ်ရှင်ကားကြီးမှာ ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဟန်သီ


The Mirror Daily's photo.
အလှမယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဟန်သီဟာ သူ့အတွက်ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်လာမယ့် လွမ်းဒဏ္ဍာရီဇာတ်ကားမှာ သနားစရာ ကျောင်းသူကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာခင်ကရိုက်ကူးပြီးစီးခဲ့တဲ့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟန်သီရဲ့ အတွေ့အကြုံတွေကို ယခုလို ကြားသိခဲ့ရပါတယ်။
ဟန်သီရဲ့လတ်တလောအနုပညာလှုပ်ရှားမှု…
ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ထားပါတယ်။ ရှင်ရှင် ဇာတ်ကားအမည်က လွမ်းဒဏ္ဍာရီ။ ဒါရိုက်တာက ရွှေပြည်ကတုံး။ အဲဒီဇာတ်ကားမှာ ဟန်သီနဲ့တွဲဖက် သရုပ်ဆောင်တာကတော့ မင်းသားက အားသစ်၊ ပြီးတော့ မအိချောပို၊ အန်တီထွန်းအိန္ဒြာဗိုလ်၊ ဦးရဲအောင်၊ အန်တီသန်းသန်းစိုးနဲ့ အခြားအနုပညာရှင်တွေ၊ ဟာသ သရုပ်ဆောင်တွေလည်းပါပါတယ်။ ဟန်သီ သရုပ်ဆောင်ရတာက အားသစ်ကို တစ်ဖက်သတ်ချစ် နေတဲ့ကောင်မလေးအနေနဲ့ပေါ့။ မင်းသားနဲ့က အိမ်နီး နားချင်းလည်းဖြစ်တယ်၊ မိဘတွေကလည်း သဘောတူ ထားတဲ့ကောင်မလေးနေရာက သရုပ်ဆောင်ရတယ်။ ဇာတ်လမ်းပုံစံကတော့ မင်းသားနဲ့ ဟန်သီနဲ့ကအတူ ကျောင်းသွားတယ်။ သူကျောင်းမှာ မမဆိုတဲ့တစ်ယောက် နဲ့ တွေ့သွားတော့ သူကအဲဒီ မမကို ကြိုက်သွားတဲ့ အချိန်မှာ ဟန်သီကိုပစ်ထားခဲ့တယ်။ ဟန်သီနဲ့ ကျောင်း မသွားတော့ဘူး။ ဟန်သီကတော့ သူ့ကိုလိုက်ပြီး စိတ်ပူတယ်။ အဲဒီမမက အားသစ် စာမေးပွဲမအောင်မှာစိုးလို့ အားသစ်ကိုငြင်းလိုက်တယ်။ အဲဒီအချိန်မှာ သူအလွန် စိတ်ဓာတ်ကျသွားတယ်။ ဟန်သီက ပြန်နှစ်သိမ့်တော့ ဟန်သီနဲ့ပဲသံယောဇဉ်ဖြစ်ပြီး နောက်ဆုံးဇာတ်သိမ်း သွားတာပါ။ ဒီလို ဇာတ်လမ်းပုံစံလေးပေါ့။
ဒီဇာတ်ကားကို ရိုက်ဖို့ရွေးချယ်ဖြစ်ပုံကရော…
ဒီရုပ်ရှင်ဇာတ်ကားက ဟန်သီအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်းဖြစ်မှာဆိုတော့ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကိုလည်း ကြိုက်တယ်။ ကိုယ်လည်းလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒရမ်မာလေးလည်းရိုက်ရတယ်။ ကိုယ်ကိုယ်တိုင်က အဲဒီအပိုင်းလေးတွေကို ရိုက်ရတာအားသန်တယ်။ ဒီရုပ်ရှင်ကကိုယ့်အတွက်က ပထမဆုံးရုံတင်မယ့် ဇာတ်ကားလည်းဖြစ်တော့ ရွေးချယ်ဖြစ်သွားတာပါ။
ရိုက်ကူးမှုအခြေအနေကရော…
ဟန်သီရိုက်ကူးမူကတော့ အားလုံးပြီးသွားပါပြီ။ ဟန်သီကရိုက်ကူးရေးမှာ ငါးရက်ဝင်ရတယ်။ မြကျွန်းသာ၊ အင်းလျားကန်ဘောင်၊ ရှုတင်အိမ်ကိုလည်း သွားရိုက်ရတယ်။ ဟန်သီတို့က ကျောင်းသူတွေဆိုတော့ ဒဂုံတက္ကသိုလ်မှာ ရိုက်ရတယ်။ ရန်ကုန်မှာပဲ အဓိကရိုက်တာပါ။
သရုပ်ဆောင်ရင်း အမှတ်တရဖြစ်ခဲ့တာတွေရှိလား…
ရိုက်ကွင်းပေါ်မှာအမှတ်တရကတော့ ဒုတိယနေ့ မှာ အန်တီခိုင်နဲ့ရိုက်တော့ ဟန်သီငိုရတဲ့အခန်းပါတယ်။ အဲဒီအခန်း ရိုက်တော့ နှာတွေစီးပြီး ဖျားနေတာ။ ငိုတာ မျက်ရည်လုံးဝမကျဘူး၊ မျက်ရည်ပဲဝဲတယ်။ နောက်နေ့ ငိုရတဲ့အခန်းရိုက်တော့လည်း အတော်လေးကိုခက်ခဲပါတယ်။ နောက်ရက်တွေမှာ ငိုရတဲ့အခန်းဆက်ရိုက်တော့ အဆင်ပြေသွားတယ်။ ဒါရိုက်တာကတောင်အံ့သြတယ်။ ငိုတတ်သားပဲလို့တောင်ပြောတယ်။ ငိုရတဲ့အခန်းကတော့ တော်တော်မှတ်မှတ်ရရပါပဲ။
သရုပ်ဆောင်ရတဲ့အပေါ်ကိုယ့်ကိုယ်ကိုယ် ဘယ်လို သုံးသပ်မိလဲ…
ဟန်သီ ရိုက်ကူးရေး ငါး ရက်ဝင်တာမှာ ရှေ့နှစ်ရက် လောက်က ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းသိပ်မကျဘူး။ ပထမဆုံး ဆိုတော့ ဘယ်သူနဲ့မှလည်းမသိဘူး။ အကုန်လုံးနဲ့လည်း စိမ်းနေတယ်။ သိပ်လည်းမခင်သေးတော့ သရုပ်ဆောင်ရတာ နည်းနည်းတော့ အဆင်မပြေဘူး။ နောက်တော့ ဒီကားကို အကောင်းဆုံးကြိုးစားမယ်ဆိုပြီး အားလုံးကိုစကား တွေလိုက်ပြောတယ်။ အများကြီးလည်း ကြိုးစားထားပါတယ်။ တအားလည်း အားထည့်ထားရတယ်။ ဒါပေမယ့် နောက်ပိုင်း သုံးရက်လုံးကတော့ တိုးတက်လာတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း အားရပါတယ်။ နေကောင်းလာတာလည်း ပါပါတယ်။ ဟာသပိုင်းလေးကိုလည်း ဟန်သီ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တယ်။ နောက်ပိုင်းရက်တွေကိုတော့ အတော်လေးအားရပါတယ်။ နောက်ငိုရတဲ့အခန်းတွေမှာ အားလုံးက အံ့သြနေတယ်။ ဟန်သီ ငိုတတ်လာလို့ဆိုပြီး။
ဝါရင့်သရုပ်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှုကရော…
အန်တီခိုင်တို့၊ ဦးရဲအောင်တို့က တကယ့်ကိုတော်တယ်။ အန်တီခိုင်ဆို ဟန်သီနဲ့ တစ်နေကုန်ရိုက်တဲ့နေ့တုန်းက တောက်လျှောက်အားပေးတယ်။ သမီးလေး သဘာဝ အတိုင်းဖြစ်အောင်လုပ်၊ အမှားပါလည်းကိစ္စမရှိဘူး။ သမီး လုပ်သာလုပ်လိုက် ဆိုပြီးတော့ သင်ပေးတယ်။ နေရာယူတာ ထိုင်ပုံထိုင်နည်းကအစ ကင်မရာကဟိုဘက်မှာရှိတာ ဟိုဘက်ကိုလှည့်ထိုင် အဲလိုလေးတွေကအစ သင်ပေးတာ။ တကယ့်ကို သဘောကောင်းတယ်။ ဟန်သီကိုဆိုရင် ဘုရားတရား သေချာလုပ်ဆိုပြီး အများကြီးလည်း သွန်သင် ဆုံးမပေးတယ်။ ပြီးတော့ကံကောင်းတာက ရှုတင်လည်း ပြီးရော ရွှေနန်းတော်ကြော်ငြာမှာ ပြန်ဆုံတယ်။ ဦးရဲအောင်နဲ့က တစ်ခါပဲတွေ့လိုက်ရတယ်။ သူကလည်း သဘော ကောင်းတယ်။ အားလုံးကတော့ ဘုရားတရားလုပ်ဖို့မှာတယ်။ သေချာကြိုးစားရင်ဖြစ်မှာပါဆိုပြီး အားပေးကြတယ်။
ရိုက်ကူးမှုအပိုင်းကရော…
ဟန်သီပထမနေ့မှာ ကြောက်နေတဲ့အတွက် အသံ နည်းနည်းဝဲနေတယ်။ ဒါရိုက်တာက ဟန်သီကို သေချာပြန် သင်ပေးတယ်။ ဒီလိုမျိုးလေးမပြောရဘူးဆိုရင် ဟန်သီက ပြန်ကျင့်တယ်။ အလုပ်လုပ်ရတာ ကောင်းပါတယ်။ ဒီကာ ရိုက်တာပေါ်မှာ ကိုယ်ကစိတ်နှစ်ပြီးရိုက်ရုံပဲ။ ဟန်သီကို သေသေချာချာလည်းသွန်သင်ဆုံးမပါတယ်။ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရတာ သက်သောင့်သက်သာ ရှိတော့ အဆင်ပြေပါတယ်။
အမေရိကန်မှာ သင်ကြားခဲ့ရတဲ့ ပညာရပ်တွေက ဟန်သီအတွက် ဘယ်လောက်အထိ အသုံးဝင်လဲ…
အမေရိကန်မှာသင်ကြားခဲ့ရတာက အခုဒီကားမှာ ၃ဝ ရာခိုင်နှုန်းလောက်ပဲ အသုံးဝင်တယ်လို့ထင်ပါတယ်။ နောက်ပိုင်းတော့ ပိုပြီးအသုံးဝင်လာမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားက ဒရမ်မာပုံစံ၊ ကျောင်းမှာက လေ့ကျင့်ပေး လိုက်တာဆိုပေမယ့် အကုန်အသုံးချခွင့်မရဘူး။ အခုကအေးအေးလေးနဲ့ ချစ်စရာ ကောင်းတဲ့ဘက်ကို သရုပ်ဆောင်ရတာဆို တော့ ကိုယ့်ပုံစံလေးနဲ့ကိုယ်ပဲ အများဆုံးလိုက် ဖက်အောင်သရုပ်ဆောင်ဖြစ်ပါတယ်။ ဟိုမှာက ကိုယ့်အတွေးနဲ့ ကိုယ်ပြန်ပြောရတဲ့ ဘာသာရပ်တစ်ခုရှိတယ်။ အဲဒီ ဘာသာရပ်က အသုံးဝင်တယ်။ တခြားသရုပ်ဆောင်တွေနဲ့ စကားပြောရတာလည်း ပိုပြီးအဆင်ပြေလာ ပါတယ်။
ဟန်သီရဲ့ အနုပညာရည်မှန်းချက်ကရော…
အခုလက်ရှိ ဟန်သီ ဒီရုပ်ရှင်ဇာတ်ကားကို အာရုံစိုက်ထားပါတယ်။ ကိုယ့်အနေနဲ့ သရုပ်ဆောင်ပိုင်းကို အများကြီး ဆက်လုပ်ချင်တော့ ဇာတ်ကားဘက်ကိုပဲ အများကြီး အာရုံစိုက်ထားပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာလေးတွေလည်း လက်ခံထားပါတယ်။ တခြားကြော်ငြာတွေလည်းလက်ခံထားပါတယ်။ တော်တော်များများလည်း ရိုက်ဖြစ်ပါတယ်။ ပြီးတော့ ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုတဲ့ဘက်ကိုလည်း ပြန်ပြီး အားစိုက်ဖို့ရှိပါတယ်။ ဒါပေမယ့် ဟန်သီ သရုပ်ဆောင်ပိုင်းကို ပိုပြီး ဦးစားပေးလုပ် ဆောင်သွားမှာပါ။
အားပေးကြတဲ့ ပရိသတ်တွေကို ဘာများ ပြောချင်ပါလဲ…
ဟန်သီက အလှမယ်တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ခဲ့တယ်။ ဓာတ်ပုံတွေထဲမှာလည်း လှလှပပပဲပေါ့။ ကိုယ့်အလှအပကို ပဲမြင်ရတာပေါ့။ ကိုယ့်ရဲ့ပျော်နေတဲ့ပုံ၊ တက်တက်ကြွကြွနဲ့ ပြုံးပျော်နေတဲ့ပုံကိုပဲ တွေ့ရတာပေါ့။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ကျတော့ ကာရိုက်တာ မျိုးစုံ၊ ပုံစံမျိုးစုံ လည်းဖြစ်နိုင်တော့ အားလုံးက ကာရိုက်တာမျိုးစုံကို မြင်ပြီးတော့လည်း ဟန်သီကိုလက်ခံစေချင်တယ်။ ဟန်သီအနေနဲ့လည်း အတတ်နိုင်ဆုံးကြိုးစားသွားမယ်။ ကာရိုက်တာတစ်ခုစီတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ရုပ်ရှင်ကားထွက်လာရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းတော့ ရုံတင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ ကားမှာ ကိုယ်ချစ်ရတဲ့သူက တခြားတစ်ယောက်ကို ချစ်သွားပေမယ့် ကိုယ်ကတော့ မပြောင်းလဲဘဲ ဆက်ချစ်နေတဲ့ သနားစရာကောင်းတဲ့ ကျောင်းသူကောင်မလေး တစ်ယောက်အနေနဲ့ ဟန်သီကို ပရိသတ်တွေ မြင်တွေ့ ရမှာပါ။ ။

No comments:

Post a Comment