
နေပြည်တော် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့်ရှေးဟောင်းစေတီပုထိုး ၃၈၉ ဆူတို့ကို ပြန်လည် ပြုပြင်မွမ်းမံခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာအခမ်းအနားနှင့် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က ပုဂံမြို့ စူဠာမဏိ စေတီတော်ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်း အနားဖွင့်လှစ်ပြီး ဘဒ္ဒန္တဣန္ဒဝံသဆရာတော်ကြီးထံမှ ငါးပါးသီလခံယူတည်ဆောက်ခြင်း၊ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များကို နာယူခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ ဘုရားစေတီပုထိုးများ ပြုပြင်မွမ်းမံခြင်း ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို လျှောက်ထားခြင်း၊ သြဝါဒါစရိယဆရာ တော်ကြီးများဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသြဘာသာဘိဝံသ ဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရတို့က သြဝါဒချီးမြှင့်ကြပြီး ပြည်ထောင်စု ဝန်ကြီးက ချီးမြှင့်သော သြဝါဒများအပေါ် ထပ်မံတင်ပြ လျှောက်ထားခြင်း ဆောင်ရွက်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြန်လည်ပြုပြင်ခြင်းမပြုမီ ရှေးဟောင်းစေတီပုထိုးများ ပြုပြင်မွမ်းမံခြင်းဆိုင်ရာ ထုံးတမ်းအစဉ်အလာအရ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းစေရန် ပုဂံမြို့၏ အလယ်ဗဟိုဖြစ်သော စူဠာမဏိ စေတီတော်ပရိဝုဏ်အတွင်း၌ သံဃာတော်များဖြင့် အသံ မစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိလည်းကောင်း သာသနာရေးဦးစီးဌာနမှ ဥပါသကာများက ဆီမီးထွန်းဂါထာတော်နှင့် သီရိမင်္ဂလာ ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်ခဲ့ကြသည်။ ပျက်စီးသွားသည့် ပုဂံရှေးဟောင်းစေတီပုထိုးများအနက်မှ ပျက်စီးမှု အနည်းငယ်သာရှိသည့် စေတီပုထိုး ၂၂၄ ဆူကို နိုဝင်ဘာ ၂၆ ရက်မှစတင်၍ ပြုပြင်မွမ်းမံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment