Monday, November 28, 2016

နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အကျိုးပြုမည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း



Image may contain: mountain, outdoor and nature
ယမန်နေ့မှအဆက်
ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် ပြည်သူ့ဘဝ လိုအပ်ချက်များကို တစ်နေ့ထက်တစ်နေ့၊ တစ်စထက်တစ်စ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူ့အကျိုးစီးပွားတိုးတက်မြင့်မားလာပြီး''ရေမြင့်ကြာတင့်'' ဆိုသကဲ့သို့ နိုင်ငံ၏ဂုဏ်ဒြပ်လည်း ပိုမိုဝင့်ထည်ခိုင်မာလာမည်ဖြစ်ပါသည်။
ဒုဋ္ဌဝတီမြစ်ပေါ်မှ ရေအားလျှပ်စစ်ဝန်ထမ်းတစ်ဦး
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပင်မတမံအတွင်း ရေမျက်နှာပြင် နိမ့်မြင့်အမှတ်(EL-395m)အထိ RCC ကွန်ကရစ်တမံ ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ရာ တမံတည်ဆောက်မှုကြောင့် ရေမျက်နှာပြင် နိမ့်မြင့်အမှတ် (EL-397m)အောက် ကျရောက်သောရေဝပ်ဧရိယာ အတွင်းရှိ ကျေးရွာများအား စနစ်တကျပြောင်းရွှေ့နေရာ ချထားပေးရန် လိုအပ်လာခဲ့ပါသည်။ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်းကျရောက်နေသည့် သီပေါမြို့နယ် တာလုံ(အရှေ့)ကျေးရွာနှင့် ကျောက်မဲမြို့ နယ် တာလုံ(အနောက်)ကျေးရွာများမှာ ရေမျက်နှာပြင် နိမ့်မြင့်အမှတ်(EL-360m) ခန့်တွင်တည်ရှိ၍ အဆိုပါ ကျေးရွာနှစ်ရွာအား ရေဝပ်ဧရိယာအတွင်းမှ ဖယ်ခွာ၍ ရေလွတ်ဒေသတွင် ကျေးရွာသူ ရွာသားများ လုပ်ကိုင်စားသောက်အခြေချနေထိုင်ရေးအတွက် ပိုမိုကောင်းမွန်သင့်လျော်သည့်ဒေသသို့ စနစ်တကျရွှေ့ပြောင်းနေရာချထားပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားတို့အပေါ် သက်ရောက်မှုဆိုင်ရာ ဆန်းစစ်ခြင်းများကို Resources and Environment Myanmar Ltd(REM) အဖွဲ့မှ အသေးစိတ်လေ့လာ၍အစီ ရင်ခံစာ ပြုစုတင်ပြခဲ့ပါသည်။ REM အဖွဲ့သည် စီမံကိန်းမှ ဝန်ထမ်းများနှင့်အတူ၂ဝ၁၄ ခုနှစ် ဇူလိုင် ၆ ရက်မှစတင်၍ အဖွဲ့သုံးဖွဲ့ခွဲကာ စီမံကိန်းဧရိယာတစ်ဝိုက် လေ့လာဆန်း စစ်မှုများပြုလုပ်ခဲ့ပါသည်။ ပထမအဖွဲ့မှာ လေ၊ ရေ၊ အသံ စသည့် အရည်အသွေး စစ်ဆေးခြင်း၊ ဒုတိယအဖွဲ့မှာ ဂေဟစနစ်လေ့လာခြင်း၊ တတိယအဖွဲ့မှာ စီမံကိန်းအနီးရှိ ဒေသခံရွာသူ ရွာသားများနှင့်တွေ့ဆုံ၍ လူမှုစီးပွားအခြေ အနေလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် ရေဝပ်ဧရိယာ အတွင်းကျရောက်သော တာလုံကျေးရွာများ၏ သဘာဝပတ်ဝန်းကျင် လူမှုစီးပွားအခြေအနေ (EIA/SIA) ကွင်းဆင်း လေ့လာမှုအစီရင်ခံစာကို သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးထံသို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာ အတွင်းကျရောက်သောကျေးရွာများ အဆင်ပြေချောမွေ့စွာ ရွှေ့ပြောင်းပေးရေးဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှလည်း ဦးစီးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။
တာလုံအရှေ့နှင့်အနောက်ကျေးရွာနေ ပြည်သူများအား စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ခံစားရရှိလာမည့် အကျိုးရလဒ်ကောင်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အရ စီမံဆောင်ရွက် ပေးရန်အစီအမံများ၊ ထောက်ပံ့ကုစားဆောင်ရွက်ပေးရမည့် အစီအမံများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများဦးဆောင်၍ ရွှေ့ပြောင်း ရမည့်ကျေးရွာလူထုပူးပေါင်းပါဝင်လျက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကနဦးအနေဖြင့် အဆိုပါရေဝပ်ဧရိယာတွင်ပါဝင်သည့် တာလုံကျေးရွာနှင့် နားမခေါ်ကျေးရွာတို့သို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း ရှစ်မိုင်ခန့်ကို ၂ဝ၁၅ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ရာ တာလုံနှင့်နားမခေါ် ကျေးရွာမှ ဒေသခံပြည်သူများအနေဖြင့် နမ့်လန်နှင့်သီပေါ မြို့နယ်များသို့ ရာသီမရွေးပိုမိုလွယ်ကူဆက်သွယ်သွားလာနိုင်သည့် အကျိုးကျေးဇူးများရရှိနေပြီဖြစ်ပါသည်။
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၃)တည်ဆောက်ရေးမှ မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ဘူမိ၊ မိုင်းအင်ဂျင်နီယာဝန်ထမ်းများဖြင့် ဌာနပိုင်စက် ယန္တရားများအသုံးပြု၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၂၅ ဒသမ ၂၅၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းတစ်ခုလုံးပြီးစီးရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့်ဓာတ်အားများကို ရွှေစာရံဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်း၏ ဓာတ်အားကွန်ရက်အတွင်းသို့ ဓာတ်အားပို့လွှတ်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်စံ ဓာတ်အားခွဲရုံမှတစ်ဆင့် လားရှိုးနှင့်သီပေါဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်သွားမည်ဖြစ်ပြီး ယင်းတို့မှ တစ်ဆင့် သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ်၊ ရပ်စောက်မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေး မည်ဖြစ်ပါသဖြင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည်ရှမ်း ပြည်နယ်အပါအဝင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးမည့် မြန်မာနိုင်ငံသားတို့၏ စီမံကိန်းကြီးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment