Tuesday, November 29, 2016

အသိပညာ မိုးကုတ်စက်ဝိုင်းချဲ့ထွင်ခြင်း

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲတော်ကို မကြာမီ ကျင်းပတော့မည်။ ကျင်းပမည့်ကာလမှာ ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ၊ ကျင်းပမည့်နေရာမှာ ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အဆောက်အအုံတွင် ဖြစ်သည်။

ချမ်းအေးသည့်ဆောင်းကာလ သဇင်သင်းသည့် လနတ်တော်ကို စာဆိုတော်ရာသီအဖြစ် သတ်မှတ်ကာ စာပွဲသဘင်ကျင်းပကြပြီး စာပေ ပညာရှိ ကဝိဆရာတို့၏ ဟောပြောမှုများကို ပရိသတ်တို့က နာကြားကြသည့် ဓလေ့မှာ မြန်မာတို့တွင် ရှေးကတည်းက ရှိပြီးဖြစ်သည်။ ယင်းဓလေ့မှ ဆင်းသက်ကာ နှောင်းခေတ်ကာလများတွင်လည်း ခြောက်သွေ့အေးမြသည့် ရာသီဆောင်းရောက်ပြီ ဆိုသည်နှင့် စာပေပညာရှင် စာရေးဆရာ၊ ကဗျာဆရာတို့ မြန်မာပြည်အနှံ့ ကျေးလက်ဒေသများသို့ပါမကျန် သွားရောက်ကာ စာအကြောင်း၊ ကဗျာအကြောင်း၊ သုတအကြောင်း၊ ရသအကြောင်း၊ ဘဝအကြောင်း၊ ဓမ္မအကြောင်း၊ ခေတ်ပြိုင်အကြောင်း၊ အတိတ်သမိုင်းအကြောင်း ဟောကြပြောကြသည်။ ထိုထို ဆရာတို့ ဟောသမျှ ပြောသမျှတို့ကို ဒေသခံစာပေအသိုင်းအဝိုင်း၊ စာပေဝါသနာရှင် များသာမက စာပေနှင့် အလှမ်းဝေးသူများ၊ ကလေးများပါမကျန် လာရောက်နားထောင်ကြသည်။ နာယူကြသည်။

မိမိတို့နိုင်ငံတွင် ပြည်သူက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ အစိုးရစနစ် စတင်ပေါ်ပေါက်လာချိန်မှစ၍ တစ်ချိန်က စာအုပ်စာပေများကို စိစစ်ဖြတ်တောက် တားဆီးပိတ်ဆို့မှုများကို ဖယ်ရှားဖြေလျှော့သွားခဲ့ပြီး စာအုပ်စာပေမျိုးစုံတို့ စာပေထုတ်ဝေမှုနယ်ပယ်တွင် အပြိုင်းအရိုင်း ပေါ်ထွက်လာသည်။ တစ်ခေတ်တစ်ခါကမမြင်ဖူး၊မတွေ့ဖူးသည့် အကြောင်း အရာမျိုးစုံ၊ စာအုပ်မျိုးစုံတို့ စာအုပ်ဆိုင်များပေါ်သို့ ရောက်လာသည်။ စာအုပ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ သို့တိုင်အောင် စာအုပ် ထုတ်ဝေသူတို့၏ ညည်းညူသံများကိုလည်း ကြားကြရသည်။ မြန်မာ နိုင်ငံသူ နိုင်ငံသားတို့ စာမဖတ်ကြတော့ကြောင်း၊ အရောင်းရဆုံးဟူသော စာအုပ်သည်ပင် အုပ်ရေထောင်ဂဏန်းမျှသာ ရောင်းချရကြောင်း၊ စာမဖတ်ကြသည့် အကြောင်းများစွာအနက် စာအုပ်များ၏ တန်ဖိုးမြင့်မား မှုကြောင့် မဖတ်နိုင်ကြခြင်းနှင့် အင်တာနက် သို့မဟုတ် လူမှုကွန်ရက်သုံး စွဲမှုတို့မှတစ်ဆင့် သိချင်သည်များကို သိနေနိုင်ပြီဟု ယူဆကာ စာဖတ်ရန် စိတ်မဝင်စားကြတော့ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောဆို ရေးသားကြမှုများကို ကြားရဖတ်ရသည်။

သို့တိုင်အောင် မကြာမီက ပြန်ကြားရေးဝန်ကြီးဌာနကပင် တာဝန်ယူ ကျင်းပခဲ့သော စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ပြည်သူ များ၏ စာအုပ်စာပေအပေါ် စိတ်ဝင်စားမှုနှင့် စာအုပ်ရောင်းချရမှုတန်ဖိုး ပမာဏတို့က မူလခန့်မှန်းသည်ထက် ပိုမိုများပြားလျက်ရှိသည်ကို တွေ့ခဲ့ ကြရပြီးနောက် စာအုပ်ထုတ်ဝေဖြန့်ချိသူများ၏ စာအုပ်ရောင်းချမှုဆိုင်ရာ နည်းဗျူဟာအသစ်များ ကျင့်သုံးလာမှုတို့ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၏ အောင်မြင်မှုက မကြာမီ ကျင်းပတော့မည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော်ကိုလည်း ပိုမို၍ ထွန်းလင်း တောက်ပစေရန် ထင်ဟပ်စေလိမ့်မည်ဖြစ်သည်။

စာအုပ်စာပေဖတ်ရှုလေ့လာခြင်းသည် အသိပညာမိုးကုတ်စက်ဝိုင်းကို ချဲ့ထွင်ခြင်းဖြစ်သည်။ စာအုပ်စာပေက လူသားတို့၏ ဆင်ခြင်တုံတရား၊ ဥာဏ်အမြော်အမြင်၊ စဉ်းစားတွေးခေါ်မှုတို့ကို မြင့်မားစေနိုင်သည်။ လူသားတို့၏ အသိဥာဏ်ကို ထိန်းချုပ်လိုသူ၊ လိုရာကို စေစားလိုသူ အာဏာရှင်တို့ကမူ စာအုပ်စာပေကို အလိုမရှိကြ။ သို့အတွက်ကြောင့် စာပေ၊ ကျမ်းဂန်များကို မီးရှို့ဖျက်ဆီးခဲ့သူ အာဏာရှင်များ သမိုင်း တစ်လျှောက် အရှေ့က္ဘာတွင်ရော အနောက်က္ဘာတွင်ပါ ရှိခဲ့သည်။ မိမိတို့နိုင်ငံအား ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာ ရေးတွင် ပြည်သူများ၏ အသိဥာဏ်ပညာရေချိန်မြင့်မားမှုသည် အထူးပင် အရေးပါသည့်အတွက် စာအုပ်စာပေပွဲတော်များ၊ စာပွဲသဘင်များ ကျင်းပ ခြင်းသည် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက် တစ်ရပ်ကို တစ်တပ်တစ်အား ဖြည့်ဆည်းခြင်းဖြစ်ပါကြောင်း။ ။

No comments:

Post a Comment