Wednesday, November 30, 2016

နိုင်ငံတော်နှင့် အခြားအဖွဲ့အစည်းများက တက်ကြွစွာကူညီဆောင်ရွက်ပေးသလို မသန်စွမ်းသူများကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ဖို့လိုအပ်


Image may contain: 1 person , table and indoor

သတင်းဆောင်းပါး-နိုင်လင်းကြည်
ဓာတ်ပုံ-ကိုမင်း

''မသန်စွမ်းတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ တစ်ဦးချင်းစီကနေပြီးတော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ဆောင်ရွက်တိုင်းမှာ မသန်စွမ်း တွေအတွက် ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီလို စဉ်းစားဆောင်ရွက် တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အခက်အခဲအဟန့်အတားတွေ ကြုံတွေ့ လာနိုင်ပါတယ်။ အဲဒါတွေကို ကျော်လွှားပြီး မသန်စွမ်းသူများရဲ့အခွင့်အရေး အပြည့်အဝရရှိဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ နည်းပညာတွေလိုအပ်လာနိုင်ပါတယ်။ မသန်စွမ်းသူများရဲ့ အခွင့်အရေးကို အပြည့်အဝ ဆောင်ရွက်ပေးဖို့ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်''ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်သည် ကုလသမဂ္ဂက ဆုံးဖြတ်သတ်မှတ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဖြစ်သည်။ အဆိုပါနေ့ကို ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက် အပိုဒ် (၄၇/၃)ဖြင့် နှစ်စဉ် ဒီဇင်ဘာ ၃ ရက်ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်လည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အခမ်းအနားကို ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခု ၂ဝ၁၆ ခုနှစ်တွင် (၂၅)ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံသည်လည်း ၁၉၉၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို စတင်ကျင်းပခဲ့ရာ ယခုနှစ်သည် မြန်မာနိုင်ငံအတွက် (၂၃)ကြိမ်မြောက် အခမ်းအနားလည်းဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုသို့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက''ကျွန်တော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ကျင်းပရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာလို့လဲ ဆိုရင် မသန်စွမ်းသူများရဲ့ကိစ္စကို အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်တယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ မသန်စွမ်းသူများဆိုတာ ရှိတယ်ဆိုတဲ့အကြောင်း ဖော်ပြချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးရေးဆိုတာ ရပ်တန့်သွားလို့မရပါဘူး။ ဆုတ်ယုတ်သွားလို့လည်းမရပါဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ရမှာဖြစ်ပါတယ်။ အားလုံးထဲမှာ မသန်စွမ်းသူများလည်း ပါဝင်တာ ဖြစ်ပါတယ်။ ရင်ဆိုင်ကျော်လွှားရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားမှာ ပြည်သူလူထု အားလုံးဟာ မသန်စွမ်းတွေအတွက် ကျွန်တော်တို့ရဲ့ရည်မှန်းထားတဲ့ ပန်းတိုင် (၁၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာတိုင်းမှာ မသန်စွမ်းသူ များအတွက် ထည့်သွင်းစဉ်းစားပေးပါလို့ ပြောချင်ပါတယ်''ဟု ရှင်းပြသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့(၂ဝ၁၆)ကို အနာဂတ်တွင် မသန်စွမ်းသူများအတွက် ပိုမိုပေါင်းစည်းပါဝင်နိုင်သော အခြေခံအုတ်မြစ် ချမှတ်နိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ(၂ဝ၁၆-၂ဝ၃ဝ)ပြည့်မီစေရေး ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အရေးကိစ္စတို့ကို ထည့်သွင်းရန်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို အကဲဖြတ်သုံးသပ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ လူသားအကျိုးပြုမွန်မြတ်သော လုပ်ငန်းတိုင်းတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်မြဲဖြစ်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေးကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များနှင့် အညီ ၁၉၉၄ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အခမ်းအနားတွင် ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများအပေါ်ထားရှိ သည့် လွဲမှားသောခံယူချက်များ၊ အယူအဆအတွေးအခေါ်များ၊ စိတ်နေ သဘောထားများကို ဖယ်ရှားပြီး အပြုသဘောဆောင်သည့် ရှုထောင့်သစ်၊ အမြင်သစ်ဖြင့် နားလည်လက်ခံလာစေရန်၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အရေးကိစ္စသည် လူမှုရေးလုပ်ငန်းပရဟိတများနှင့် သက်ဆိုင်သည်သာမက လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေး ကိစ္စတစ်ရပ်ဖြစ်ကြောင်းသိမြင်လာစေရန်တို့သည်လည်း အဓိကအကြောင်း တရားများဖြစ်သည်။
မသန်စွမ်းသူများသည် လူ့အသိုင်းအဝိုင်းအတွင်း တန်းတူပါဝင်ခွင့် ရရှိခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်သူများဖြစ်လာစေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွင် မသန်စွမ်းသူများ၏ အရေးကိစ္စတို့ကို ထည့်သွင်းဆောင်ရွက် ရန်နှင့် မသန်စွမ်းသူများအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု စီမံဆောင်ရွက်မှုတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန်လည်း အရေးကြီးသည့် အကြောင်းချင်းရာတစ်ခုဖြစ်သည်။
ထို့ကြောင့် မသန်စွမ်းသူများကို သန်စွမ်းသူများနည်းတူ အလေးထားလျက်ရှိသော တာဝန်ရှိသူများအပိုင်းကလည်း ယခင်နှစ်များက မသန်စွမ်းသူ များအတွက် ဆောင်ရွက်ပေးသည့် ပုဂ္ဂလိကကဏ္ဍအား ချီးမြှင့်မှုများအဖြစ် မသန်စွမ်းသူများသွားလာဆက်သွယ်မှု အဆင်ပြေလွယ်ကူစေရန်ဆောင်ရွက်ပေးသည့် ဈေးဝယ်စင်တာအဖြစ် စိန်ဂေဟာစူပါမားကက်၊ နေပြည်တော် အောင်သပြေရုပ်ရှင်ရုံ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆူးလေရှန်ဂရီလာ ဟိုတယ်၊ ဂန်းကီမျက်မမြင်အကြောပြင်လုပ်ငန်းနှင့် အေအန်တီအထည်ချုပ်စက်ရုံတို့ကိုလည်း နှစ်အလိုက်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယခု ၂ဝ၁၆ ခုနှစ်အတွက် ဆုများသတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းကို လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဦးဆောင်ကာ မသန်စွမ်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၏ ညှိနှိုင်း ဆောင်ရွက်မှုဖြင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဆောင်ရွက်မှုထူးချွန် ဆု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုဆု၊ မသန်စွမ်းသူများဆိုင်ရာ မီဒီယာဆု၊ မသန်စွမ်းသူများအတွက် လူတိုင်းအကျုံးဝင်ပညာရေးဆိုင်ရာ စွမ်းဆောင်မှု ဆုနှင့် ၂ဝ၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ထူးချွန်ဆု စသည့် ဆုများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။
မသန်စွမ်းသူများအတွက် ပညာသင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုအသိုက်အဝန်းအတွင်း ဝင်ဆံ့နိုင်မှု စသည်တို့တွင် ယခင်က နောက်ကျနေခဲ့သည့်အပြင် လက်ရှိအချိန်တွင်လည်း ထိရောက်မှုမရှိသေးသည်များရှိနေပြီး ကျေးလက်ဒေသများရှိ မသန်စွမ်းသူများမှာ မိမိတို့၏ ပတ်ဝန်းကျင်တွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ ထိုသို့ ကျေးလက်ဒေသများတွင် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှုအားနည်းခဲ့သော်လည်း အများပြည်သူနှင့် ကျောင်းသားလူငယ်များအကြား မသန်စွမ်းမှုအသိပညာတိုးပွားစေရန် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး ပြိုင်ပွဲများနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပပေးခဲ့သည်။ ယခုနှစ်တွင်လည်း စာစီစာကုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့် ကျင်းပပေးခဲ့သည့်အပြင် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကိုလည်း ဗဟိုအဆင့်အထိ ကျင်းပပေးခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများအား လူမှုအသိုင်းအဝန်းအတွင်း သာမန်သန်စွမ်းသူ များကဲ့သို့ လူ့အခွင့်အရေးမဆုံးရှုံးစေရန်၊ အခွင့်အရေးတန်းတူရရှိနိုင်ရေး နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပေါင်းစည်းပါဝင်နိုင် ရေးတို့အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်းအား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးထားနိုင်ခဲ့သည်။
ထိုသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း အခွင့်အရေးတန်းတူ ရရှိရေးအတွက်မူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကြည့်ရှု စောင့်ရှောက်နိုင်မှသာလျှင် တူညီသောအခွင့်အရေးရရှိနိုင်မည်ဖြစ်သည့်အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကိုလည်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်လည်း အရေးကြီးပေသည်။
ထိုသို့ အကောင်အထည်ဖော်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအား ဆက်စပ်အစိုးရဌာနအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မသန်စွမ်းများ၏ အဖွဲ့အစည်းများမှ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ဆွေးနွေးရေးဆွဲ ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၏ ရည်ရွယ်ချက်များမှာ နိုင်ငံသားများရရှိသည့် အခြေခံလူ့အခွင့်အရေးများ တန်းတူအခွင့်အရေးရရှိရန်၊ လူမှုစီးပွားရေးအခြေအနေများတွင် တန်းတူပေါင်းစည်းပါဝင်ခွင့်ရရှိရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုရန်၊ မသန်စွမ်းသူများ၏ လူနေမှု ဘဝလုံခြုံစိတ်ချမှုရှိစေရန်၊ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှုပပျောက်စေ ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ဥပဒေအရ အကာအကွယ်ပေးရန်၊ မသန်စွမ်းသူများအား အကြမ်းဖက်မှုအမျိုးမျိုးမှ အကာအကွယ်ပေးရန်၊ မိဘမဲ့၊ ခိုကိုးရာမဲ့၊ မသန်စွမ်းမှုတစ်မျိုးထက်ပိုသူများကို နိုင်ငံတော်က အကာအကွယ်ပေးရန် စသည်တို့ဖြစ်သည်။
ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေပြဋ္ဌာန်းနိုင်ရေး အတွက်လည်း နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဦးဆောင်သည့် မသန်စွမ်းသူကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ရေးဆွဲ လျက်ရှိသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို ၂ဝ၁၇ ခုနှစ် မတ်လ နောက်ဆုံးထားပြီး အပြီးသတ်ရေးဆွဲပေးမည်ဆိုသည်ကိုလည်း လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားထားပြီး လွှတ်တော် က မှတ်တမ်းတင်ထားကြောင်း သိရသည်။ နည်းဥပဒေရေးဆွဲတာ ခြောက်လ ကျော်သွားပြီဖြစ်ပေမယ့် အချိန်အနည်းငယ်ကြာသွားသည့်အတွက် ပိုမိုပြည့်စုံ ကောင်းမွန်တဲ့အချက်အလက်များ ပါဝင်ထည့်သွင်းရေးဆွဲနိုင်မည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော်ပိုင်းအနေဖြင့် မူဝါဒရေးဆွဲရုံမျှမက ဘတ်ဂျက်တွေမှာပါ ပိုမိုသုံးစွဲပေးဖို့လိုအပ်ပေသည်။ ဥပဒေနှင့် မူဝါဒတချို့ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော်လည်း အောက်ခြေတွင် ဘတ်ဂျက်မရှိသည့်အတွက် အကောင်အထည်မဖော်ပေးနိုင်သည့် အားနည်းချက်များရှိနေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏ စီအီးအို ဖြစ်သူ ဦးနေလင်းစိုးက သုံးသပ်ထားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO များ၊ ပြည်တွင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများက ကိုယ်တိုင်ဆောင်ရွက်နေသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများနှင့်ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်သည့်အနေအထားတစ်ခု ရောက်ရှိလာမည်ဖြစ်ပြီး နိုင်ငံတော်အပိုင်းနှင့် အခြားသောအဖွဲ့အစည်းများက တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသလို မသန်စွမ်းသူများကိုယ်တိုင်ကလည်း တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်ပေသည်။

No comments:

Post a Comment