Tuesday, November 29, 2016

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်

Image may contain: 4 people , table and indoor 



နေပြည်တော် နိုဝင်ဘာ ၂၈
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ကို လုပ်ငန်းကော်မတီ များအနေဖြင့် တက်ညီလက်ညီ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြ မည်ဆိုပါက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို သိသာစွာ အထောက် အကူပြုနိုင်မည်ဖြစ်ပြီး တိုင်းပြည် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြား သည်။
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီကကျင်းပသည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးတွင် ဒုတိယသမ္မတ က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတက ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ပုဂ္ဂလိကလုပ်ငန်းများကို နိုင်ငံ့စီးပွားရေး တွင် လွတ်လပ်စွာ ပါဝင်ခွင့်ပြုထားပါ ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကို တဖြည်းဖြည်းလျှော့ချပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉ဝ ရာခိုင်နှုန်းကျော် သည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖြစ်သည့်အတွက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍရှိ လုပ်ငန်းရှင် များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ၏ အခန်းကဏ္ဍများကပါ အလုပ်အကိုင်အခွင့်အလမ်း များတိုးပွားရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင် နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ဖန်တီး နိုင်ရေးတို့ကို ဦးတည်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများ ရှိ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် အသင်းအဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အနာဂတ်ကာလတွင် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်ရမည့် စီးပွားရေးအင်အားစုကြီးဖြစ်သည့်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် လွန်စွာ ကျယ်ပြန့်သည့်အတွက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ကို ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး မဏ္ဍိုင်၊ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများဆောင်ရွက်ရေးမဏ္ဍိုင်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး မဏ္ဍိုင်၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍပြန်လည်ရေးဆွဲရေးမဏ္ဍိုင်နှင့် အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေး မဏ္ဍိုင်တို့ကို အခြေတည်ရေးဆွဲခဲ့ပါ ကြောင်း၊ မဏ္ဍိုင်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်ပါ ကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည် ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီများတွင် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်ဖွဲ့စည်းရန် လျာထားပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍစီးပွားရေးလုပ်ငန်းများနှင့် မကြာခဏ ထိတွေ့ရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအတွက် ဘက်စုံထောင့် စုံမှ တက်တက်ြ<ွကြ<ွက ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များ၊ လုပ်ငန်းကော်မတီများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဖေဇင်ထွန်း၊ ဦးအုန်းမောင်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် နှင့် တာဝန်ရှိသူများက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက် များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေး သည်။
(သတင်းစဉ်)
 

No comments:

Post a Comment