Tuesday, November 1, 2016

နိုင်ငံတကာမြင်ကွင်း



The Mirror Daily's photo.
ရဲရင့်လင်းလက်
ဖက်ဒရယ်ထောက်လှမ်းရေး (Federal Bureau of Investigation- FBI) ရဲ့ ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ(James Comey)က ကွန်ဂရက်ကို ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့အနေနဲ့ အသစ်တွေ့ရှိခဲ့တဲ့ ဟီလာရီရဲ့ အီးမေးလ်တွေကို စစ်ဆေးနေတဲ့အကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။ ဒီသတင်းက အောက်တိုဘာ ၂၈ ရက်မှာ ထွက်ပေါ်လာခဲ့တာပါ။ တစ်နည်းပြောရရင် သမ္မတရွေးကောက်ပွဲမလုပ်ခင် ၁၁ ရက်အလိုမှာ ဒီသတင်း ထွက်ပေါ်လာတာပါ။ ဒီအသစ်တွေ့ရှိခဲ့တယ်ဆိုတဲ့ ဟီလာရီရဲ့အီးမေးလ်တွေဟာ ဟီလာရီရဲ့ထိပ်တန်း အကြံပေးအရာရှိ ဟျူးမားအဘက်ဒင်(Huma Abedin)နဲ့ ခွာပြဲပြီး ခင်ပွန်းအောက်လွှတ်တော်အမတ်ဟောင်း အန်သိုနီ ဝီနာ(Anthony Weiner)ကိုစစ်ဆေးရင်း ပေါ်ထွက်လာတာပါ။ အောက်လွှတ်တော်အမတ်ဟောင်း အန်သိုနီဝီနာက မြောက်ကာရိုလိုင်းနားမှာရှိတဲ့ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ယောက်ဆီ လိင်ပိုင်းအရ တစ်တစ် ခွခွရေးထားတဲ့ အီးမေးလ်ပို့ခဲ့လားဆိုတာကို စစ်ဆေးဖို့ ဟျူးမားအဘက်ဒင်နဲ့ အန်သိုနီဝီနာတို့ရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေသိမ်းယူစစ်ဆေးခဲ့တာကနေ အခုလို ထွက်ပေါ်လာတာပါ။ ဖက်ဒရယ်ထောက်လှမ်းရေး(FBI)ရဲ့ ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီက အသစ်တွေ့ရှိခဲ့တဲ့ အီးမေးလ်တွေမှာ လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထားတဲ့ အချက်အလက်တွေပါ၊ မပါ စစ်ဆေးမယ်လို့ဆိုပါတယ်။ အမှန်ကတော့ ဖက်ဒရယ်ထောက်လှမ်းရေး (FBI)က ဟီလာရီရဲ့ အီးမေးလ်တွေကို စစ်ဆေးပြီးသားပါ။ ဖက်ဒရယ် ထောက်လှမ်းရေး(FBI)က ဟီလာရီရဲ့အီးမေးလ်တွေထဲမှာ လုံခြုံရေးအရ စိုးရိမ်စရာအချက်အလက်တချို့ တွေ့ရှိခဲ့ပေမယ့် ဥပဒေအရ အရေးယူနိုင်တဲ့ အချက်အလက်တွေမပါဘူးဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာပြီး သားပါ။
အထင်လွဲမှားစရာတွေ
ဟီလာရီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ ဟီလာရီရဲ့ အီးမေးလ်တွေနဲ့ပတ်သက်ပြီး ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့(FBI)က ဘာလို့ ကွန်ဂရက်ကို ရှင်းလင်းတင်ပြတဲ့အထိ လုပ်ခဲ့ရတာလဲလို့ မေးခွန်းထုတ် စိန်ခေါ်ခဲ့ပါတယ်။ ဟီလာရီကလည်း ''ဖက်ဒရယ်ထောက်လှမ်းရေး (FBI)ရဲ့လုပ်ရပ်ဟာ အစဉ်အလာမရှိသလို တကယ့်ကို ဒုက္ခပေးတဲ့လုပ်ရပ်ပါ'' ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရန့်က ဖက်ဒရယ် ထောက်လှမ်းရေး (FBI)ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့တာကတော့ အံ့သြစရာတော့မရှိပါဘူး။ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့(FBI)ရဲ့ ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီက ကွန်ဂရက်ကိုတင်ပြခဲ့တဲ့အထဲမှာ အခုအသစ်တွေ့ရှိခဲ့တဲ့ အီးမေးလ်တွေဟာ သူတို့အဖွဲ့ အရင်စစ်ဆေးခဲ့တဲ့ ဟီလာရီရဲ့အီးမေးလ်တွေနဲ့ အကျုံးဝင် ဆက်စပ်နိုင်တယ်လို့တင်ပြထားပါတယ်။ ဂျိမ်းစ်ကွန်မီက ဖက်ဒရယ်ထောက် လှမ်းရေးအဖွဲ့(FBI)ရဲ့ လုပ်ရပ်ကို ကာကွယ်ပြောကြားရာမှာ အဖွဲ့အနေနဲ့ အသစ်တွေ့ရှိခဲ့တဲ့ အီးမေးလ်တွေရဲ့ အရေးပါမှုက ဘယ်လောက်အတိုင်း အတာအထိရှိတယ်ဆိုတာကို မသိသေးတဲ့အတွက် ဒီအီးမေးလ်တွေကို လူသိရှင်ကြား မထုတ်ပြန်သေးတာပါလို့ ပြောကြားခဲ့ပါတယ်။ ဒီအီးမေးလ်တွေကို လူသိရှင်ကြားထုတ်ပြန်ခဲ့ရင် အထင်လွဲမှားစရာတွေရှိလာမှာ စိုးရိမ်လို့ပါဆိုပြီး ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ကွန်ဂရက်ကိုတင်ပြခဲ့
ဟီလာရီကတော့ ''ကျွန်မတို့အနေနဲ့ ညွှန်ကြားရေးမှူး ကွန်မီကို အချိန်မဆိုင်းဘဲ အပြည့်အစုံ လူသိရှင်ကြားထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။ ဒီအီးမေးလ်တွေက ဘယ်လိုအီးမေးလ်တွေလည်းဆိုတာကို ပွင့်ပွင့် လင်းလင်းကြည့်ကြရအောင်ပါ''လို့ စိန်ခေါ်ခဲ့ပါတယ်။ ''အခုအသစ်တွေ့ရှိခဲ့ တယ်ဆိုတဲ့ အီးမေးလ်တွေကြောင့် ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့(FBI) ရဲ့ မူလဆုံးဖြတ်ချက်က ပြောင်းလဲလာမှာမဟုတ်ဘူး''လို့ပါ ဟီလာရီက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဖက်ဒရယ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီက ''ကျွန်တော်တို့အနေနဲ့ ဒီအီးမေးလ်တွေ အရေးပါတယ်၊ မပါဘူးဆိုတာ မစစ်ရသေးပါဘူး။ ဒီအသစ်တွေ့ရှိခဲ့တဲ့ အီးမေးလ်တွေကို စစ်ဆေးဖို့ အချိန်ဘယ်လောက်လိုမှာလဲဆိုတာကိုလည်း မခန့်မှန်းနိုင်သေးပါဘူး''လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၁၁ ရက်ပဲလိုတော့တဲ့ အခုလို အင်မတန်အရေးကြီးတဲ့အချိန်မှာ ဖက်ဒရယ် ထောက်လှမ်းရေး(FBI)ညွှန်ကြားရေးမှူးက သူကိုယ်တိုင် ဘာမှန်းရေရေရာရာမသိတဲ့အီးမေးလ်တွေကိစ္စ ကွန်ဂရက်ကိုတင်ပြခဲ့တာကတော့ အမှန်တကယ်ကိုပဲ မေးခွန်းထုတ်စရာပါ။
ရှင်းရှင်းလင်းလင်းမရှိ
ဝါရှင်တန်ဘီဘီစီသတင်းဌာနက အန်သိုနီဇာချာ (Anthony Zurcher) ကတော့ ဒီအသစ်တွေ့ရှိတယ်ဆိုတဲ့ အီးမေးလ်တွေကိစ္စဟာ ဘာမှမဟုတ်ပါဘူးကွာဆိုတာမျိုးဖြစ်နိုင်သလို၊ ဘာမဆိုဖြစ်သွားနိုင်တာမျိုးလည်း ဖြစ်ပွားနိုင်ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြောနိုင်တာကတော့ အမေရိကန်ပြည်သူတွေ သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒမပေးခင် ဒီကိစ္စကိုဘယ်လိုမှ အပြီးသတ်မစစ်ဆေးနိုင်တာကတော့ သေချာနေတာပါ။ ဂျိမ်းစ်ကွန်မီက ကွန်ဂရက်ကိုတင်ပြခဲ့တဲ့စာထဲမှာ အီးမေးလ်ထဲမှာ ဘယ်လို အချက်အလက်တွေပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိသလို အသစ်တွေ့ခဲ့တယ်ဆိုတဲ့ အီးမေးလ်အရေအတွက်က ဘယ်လောက်ဆိုတာကလည်း ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒီအခြေအနေက အခုမှကို ကျယ်ပြန့်နေတဲ့ ကောလာဟလတွေကို ပိုကျယ်ပြန့်စေမှာပါ။ အစိုးရသတင်းရပ်ကွက်တွေကနေ စိမ့်ထွက်လာတဲ့သတင်းတွေနဲ့ ပေါင်းလိုက်ရင် အခြေအနေက မီးလောင်ရာလေပင့်သဘောဖြစ်သွားမှာပါ။ အခု လောလောဆယ်သေချာပေါက်ပြောနိုင်တာကတော့ ဟီလာရီဟာ သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရရင် တောင်မှ သူ့ရဲ့ သမ္မတသက်တမ်းပထမပိုင်းရက်တွေမှာ ဒီအီးမေးလ်ကိစ္စရဲ့ အရိပ်မည်းကြီးလိုက်တာကို ခံရမှာပါ။
အောင်မြင်မှုအရှိန်အဟုန်
ဒီလိုအခြေအနေတွေကြားမှာ ဟီလာရီဟာ သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ် လှုပ်ရှားမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ ဟီလာရီရဲ့ မဲဆွယ်လှုပ်ရှားရေးမန်နေဂျာဖြစ်တဲ့ ရော့ဘီမုခ် (Robby Mook) က ဟီလာရီရဲ့ မဲဆွယ်လှုပ်ရှားရေးလေယာဉ်ပျံနောက်ပိုင်းမှာရှိတဲ့ သတင်းထောက်တွေကို ''လက်ရှိပေးနေတဲ့ ကြိုတင်ဆန္ဒမဲတွေအရ ဟီလာရီက အသာရနေပါတယ်''ဆိုတာကို ပြောပြခဲ့ပြီး အောင်မြင်မှုအရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့ အစဉ်အလာအရ ရီပတ်ဘလီကန်ပါတီဘက်ကို ယိမ်းလေ့ရှိတဲ့ အရီဇိုးနား (Arizona) ပြည်နယ်မှာ ဟီလာရီကိုယ်တိုင် ရှေ့အပတ်မှာ မဲဆွယ်စည်းရုံးရေးခရီးဆင်းမယ့်အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒေါ်နယ် ထရန့်ကလည်း ပေးလာတဲ့အခြေအနေကို အစွမ်းကုန်အမြတ်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ နယူးဟမ့်ရှိုင်းယားပြည်နယ်က မန်ချက်စတာမြို့မှာ ကောင်းချီးသြဘာပေးနေတဲ့ လူအုပ်ကြီးကို ဒေါ်နယ်ထရန့်က ''ဖက်ဒရယ် ထောက်လှမ်းရေး (FBI) က ဟီလာရီရဲ့ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှု မြောက်တဲ့လုပ်ရပ်တွေကို ပြန်အမှုဖွင့်စစ်ဆေးနေပါပြီ။ ဟီလာရီရဲ့ ဒီလုပ်ရပ် ဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ'' လို့ ဟောပြော စည်းရုံးခဲ့ပါတယ်။ ပြောရရင် ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့(FBI)ရဲ့ လုပ်ရပ်ကို ရီပတ်ဘလီကန်ပါတီဝင်ထဲက တချို့က ဗြောင်ထောက်ခံပြော ဆိုလာပါတယ်။ ရီပတ်ဘလီကန်ပါတီဝင်အမတ်တွေထဲမှာ သြဇာရှိတဲ့ ပေါလ်ရန်း(Paul Ryan)က ''ဖက်ဒရယ် ထောက်လှမ်းရေးအဖွဲ့(FBI) ရဲ့ လုပ်ရပ်ဟာ မိုးလွန်မှ ထွန်ချတဲ့လုပ်ရပ်မျိုးပါ'' ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဒီအနေအထားမှာ အောက်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပေါလ်ရန်းက ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) အနေနဲ့ ဟီလာရီကို ထိပ်တန်း လုံခြုံရေးလျှို့ဝှက်သတင်းတွေ အစီရင်ခံနေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဟီလာရီကို ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က သမ္မတ လောင်းတစ်ယောက်အနေနဲ့ နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေးလျှို့ဝှက်သတင်းတွေကို အစီရင်ခံရပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါလ်ရန်းက ''ကျွန်တော်တို့က ဟီလာရီကိုနိုင်ငံရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်ချက် တွေကိုယုံပြီး ပုံအပ်ခဲ့ရတာပါ။ ဟီလာရီက ဒီထိပ်တန်းလျှို့ဝှက်ချက်တွေကို လက်လွတ်စပယ် ကိုင်တွယ်ပြီး သူ့အပေါ် ကျွန်တော်တို့ပုံအပ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ပါတယ်''လို့ ဝေဖန်ခဲ့ပါတယ်။ သုံးသပ်ရရင်တော့ ဒီတစ်ကျော့ပြန် အီးမေးလ်ကိစ္စဟာ ဟီလာရီရဲ့ အောင်မြင်မှုတွေကို ရပ်တန့်စေမှာတော့ မဟုတ်ပါဘူး။ ဒေါ်နယ်ထရန့်ရဲ့ အရှုံးကို အရှက်ပြေ ကာကွယ်ပြောဆိုနိုင်လောက်အောင်ပဲ လျော့နည်းကောင်း လျော့နည်းစေ မှာပါ။ ။

No comments:

Post a Comment