Tuesday, November 1, 2016

ဆရာဝန်အလုပ်ရော အနုပညာအလုပ်ပါဘက်မျှအောင်ကြိုးစားသွားမယ့် အေးချမ်းမိုး

Image may contain: 1 person
တွေ့ဆုံမေးမြန်း မင်းလှသား
ဓာတ်ပုံ အောင်သက်ဦး
ငယ်စဉ်ကပင် အနုပညာပိုးပါခဲ့ပြီး မော်ဒယ်နှင့်အလှမယ်အဖြစ်သာမက အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်ပါ အောင်မြင်နေတဲ့ အေးချမ်းမိုးဟာ ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ရှေ့ဆက်ပြီး ဆရာဝန်အလုပ်ရော အနုပညာအလုပ်မှာပါ ဘက်မျှအောင်ကြိုးစားသွားမယ်ဆိုတဲ့ အေးချမ်းမိုးနဲ့ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါတယ်…
လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။
လတ်တလောအနေနဲ့ အလုပ်သင်ဆရာဝန် လုပ်နေပါတယ်။ အလုပ်ကတစ်ဖက် နဲ့ဆိုတော့ အနုပညာအလုပ်က လုပ်တော့လုပ်ဖြစ်ပါတယ်။ အားတဲ့အချိန်မှာတော့ လုပ်ဖြစ်ပါတယ်။ အားတဲ့အချိန် ပွဲတွေမှာ အစီအစဉ်တင်ဆက်သူလုပ်ဖြစ်ပါတယ်။ အခုအချိန်က မင်္ဂလာဆောင်တဲ့ ကာလဆိုတော့ Wedding ပုံတွေ ရိုက်ဖြစ်ပါတယ်။
အလုပ်သင်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံကရော။
စာတွေ့သင်ရတာနဲ့ လက်တွေ့လုပ်ရတာ တော်တော်တော့ကွာခြားပါတယ်။ ပထမနှစ် ကနေ နောက်ဆုံးနှစ်အထိ ငါးနှစ် စာတွေ့သင်ရတဲ့အချိန်တွေမှာ စာတွေ့နဲ့ ဆေးရုံတွေမှာ လိုက်ပြီးတော့ လူနာတွေကိုမေးရတယ်၊ စမ်းသပ်ရတယ်။ ဒါပေမယ့် သိပ်ပြီးတော့ထိတွေ့ခွင့် မရှိခဲ့ဘူးပေါ့။ အခုဆိုရင် အလုပ်သင်ဆရာဝန်လုပ်တာ လေးလရှိပြီ။ လေးလအတွင်းမှာတော့ ကြုံတွေ့ရတာတွေက အများကြီးပါပဲ။ ပထမဆုံးဆင်းရတာက ကလေးဆေးရုံပေါ့။ ကလေး ဆေးရုံမှာ သုံးလဆင်းရတယ်။ အဲဒီကလေးဆေးရုံမှာ ကြုံရတာတွေကတော့ အများကြီးပါ။ လက်တွေ့လုပ်ရင်းနဲ့ ကိုယ့်ရဲ့အတွေ့အကြုံကနေ ပိုပြီးတတ်ကျွမ်းလာပါတယ်။ အစပိုင်းမှာ ကိုယ်လုပ်ရတဲ့အလုပ်နဲ့ သိပ်ပြီးအဆင်မပြေဘူး။ နောက်ပိုင်းမှာတော့ အဆင်ပြေလာတယ်။ လူနာတွေကိုထိတွေ့ရတာ အတွေ့အကြုံရလာတော့ ပိုပြီး အဆင်ပြေလာပါတယ်။ အခုကတော့ ရန်ကုန်ဆေးရုံကြီးမှာပါ။
အနုပညာဖြတ်သန်းမှု အတွေ့အကြုံကိုလည်း ပြောပြပေးပါ။
ကျွန်မအနုပညာ စလုပ်ဖြစ်တာ ငယ်ငယ်ကတည်းကလို့ ပြောလို့ရပါ တယ်။ (Kid) ကလေးမော်ဒယ်ကို လေးတန်းလောက်ကတည်းက စလုပ်ဖြစ်ပါတယ်။ တီချယ်တင်မိုးလွင်ဆီမှာ သင်တန်းတက်ပြီး ကလေးမော်ဒယ် အနေနဲ့ ရှိုးတွေလျှောက်တယ်။ တီဗွီသီချင်းလေးတွေရိုက်တယ်။ ရှစ်တန်းလောက်မှာ မော်ဒယ်အလုပ်ကို ရပ်လိုက်ပြီးတော့ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းလောက်မှာ ပညာရေးဘက်ကို အာရုံစိုက်ဖြစ်ခဲ့တယ်။ ဆယ်တန်းအောင်တော့ ဂုဏ်ထူးခြောက်ဘာသာထွက်တယ်။ ဆယ်တန်းပြီးတဲ့ အချိန်မှာ တီချယ်တင်မိုးလွင်ဆီမှာ သင်တန်း ပြန်တက်ခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာပါ။ သင်တန်းပြန်တက်ပြီး မော်ဒယ်လောကထဲ စဝင်လာခဲ့ပါတယ်။ စဝင်ပြီး Miss ပြိုင်ပွဲတွေ အများကြီး ပြိုင်ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ပဲ ရပ်တည်နေပါတယ်။
ပြိုင်ခဲ့ဖူးတဲ့ Miss ပြိုင်ပွဲတွေထဲမှာ ဘယ်အရာက အမှတ်တရအရှိဆုံး ဖြစ်မလဲ။
ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေက အများကြီးပါပဲ။ ပြည်တွင်းပွဲတွေရော၊ ပြည်ပပွဲတွေရောပေါ့။ အမှတ်ရဆုံးပွဲနှစ်ပွဲရှိခဲ့ပါတယ်။ အဲဒီပွဲတွေက တော့ ၂ဝ၁၂ မှာလုပ်ခဲ့တဲ့ Miss Myanmar International 2012 ပွဲပေါ့။ အဲဒီပွဲမှာ မနန်းခင်ဇေယျာ ရခဲ့တယ်။ အဲဒီပွဲမှာ 2nd Runner Up ဆုရတယ်။ အဲဒီပွဲမှာ အေးချမ်းမိုးလို့ စပြီးသတိထားမိလာ ကြတယ်။ အဲဒီပွဲပြီးတော့ ၂ဝ၁၃ မှာလုပ်တဲ့ Miss Universe Myanmar 2013 ပွဲပေါ့။ အဲဒီပွဲက ကျောင်းမှာစာမေးပွဲရှိတဲ့ကြားက ဝင်ပြိုင်ရတာ။ စာမေးပွဲဖြေဖို့ စာလည်းကျက်ရတယ်။ Camp ရှိတော့ Camp လည်းဝင်ရတယ်။ သူများတွေက တစ်နေ့လုံး လေ့ကျင့်ထားလို့ ညဘက်နားနေချိန်မှာ ကျွန်မ စာကျက်ရတယ်။ အဲဒီပွဲက အပင်ပန်းဆုံးနဲ့ အမှတ်တရ အဖြစ်ဆုံးပဲပေါ့။ အရမ်းလည်း ပင်ပန်းခဲ့တယ်။ အရမ်းလည်းကြိုးစားခဲ့ရတယ်။ အမှတ်တရအဖြစ်ဆုံးဆိုတာက နောက်ဆုံးနှစ်ယောက်ပဲ ကျန်တော့တဲ့ အချိန်၊ မမိုးစက်ဝိုင်ရယ် ကျွန်မရယ် နှစ်ယောက်ပဲ၊ အဲဒီအချိန်မှာဘယ်သူရရ အရမ်းပျော်ပါတယ်။ နောက်ပြီး မမိုးစက်ဝိုင်ကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ Miss တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူနဲ့အတူ နှစ်ယောက်တည်းရှိနေရတဲ့ အချိန်မှာ တော်တော်ပျော်ခဲ့ပါတယ်။
အဲဒီပွဲမှာ ကျွန်မအကောင်းဆုံး ကြိုးစားခဲ့ပြီးတော့ 1st Runner Up ဆုရခဲ့တယ်။ ပရိသတ် တွေရဲ့ အသိအမှတ်ပြုတာလည်း ခံခဲ့ရပါတယ်။
အေးချမ်းမိုးရဲ့ ငယ်ဘဝဖြတ်သန်းမှုကရော။
ကျွန်မတို့ နေတာက ဒဂုံမြို့နယ်မှာပါ။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်နားမှာနေတာ။ မူကြို တက်တာက မူကြို (၂) ဒဂုံမြို့နယ်မှာတက်တယ်။ ငယ်ငယ်ကတည်းက အနုပညာပိုးပါတယ်လို့ ပြောလို့ရတယ်။ မူကြိုလောက်မှာကတည်းက သင်္ကြန်အကတွေ လိုက်ကတယ်။ ပြီးတော့ ပန်းချီဆွဲ ပြိုင်ပွဲတွေမှာလည်းပါတယ်။ မူကြိုကျောင်းမှာလုပ်တဲ့ ပွဲတော်တော်များများမှာပါတယ်။ အပြေးပြိုင်ပွဲတွေဆိုလည်းပါတယ်။ ငယ်ငယ်ကတည်းက အနုပညာပိုးက ပါလာခဲ့တာပါ။ သူငယ်တန်းကနေ ဆယ်တန်းအထိကတော့ အထက(၂) ဒဂုံပေါ့။ မြို့မကျောင်းမှာတက်ခဲ့တာပါ။ သူငယ်တန်းကတည်းက စတက်ခဲ့တာကြောင့် ကျောင်းကလည်း ကျွန်မတို့ကိုအားထားတယ်။ စာကြိုးစားတယ်။ ကျောင်းရဲ့ အနုပညာအလုပ်တွေလည်း လုပ်ဖြစ်တယ်ဆိုတော့ အားထားတယ်ပေါ့။ ကျောင်းအုပ်ဆရာကြီးက ကျွန်မတို့ ကျောင်းတက်တာတွေရော ပညာသင်တဲ့အချိန်တွေမှာရော ဂရုတစိုက်လုပ်ပေးခဲ့ပါတယ်။ ငါးတန်းလောက်မှာ ကျောင်းမှာလာရိုက်တဲ့ အမေ့ပုခက်လွှဲသီချင်းခွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သီချင်းအမည်က တစ်လုံးနှစ်လုံး စာစီကုံးဖြစ် ပါတယ်။ အဲဒါက ငယ်ငယ်တုန်းကအနုပညာ လုပ်ခဲ့တာပါ၊ ၂ဝဝ၉ ခုနှစ် ဆယ်တန်းကို အထက(၂) ဒဂုံကနေ အောင်ခဲ့ပါတယ်။ ကျွန်မရဲ့ မိသားစု က အဖေ၊ အမေနဲ့ အစ်မအရင်းတစ်ယောက်ရှိပါတယ်။
အစ်မနဲ့ကျွန်မရဲ့ အသက်က (၁၁) နှစ်ခွဲကွာပါတယ်။
ရှေ့ဆက်ပြီး ဘယ်လိုရပ်တည်သွားမယ်လို့ စိတ်ကူးထားလဲ။
ကျွန်မရဲ့အလုပ်နှစ်ခုစလုံးက လွယ်သလိုလိုနဲ့ ခက်ခဲပါတယ်။ အနုပညာအလုပ်ကလည်း ကိုယ်လုပ်ရင် လုပ်သလို၊ ကြိုးစားရင် ကြိုးစားသလို အရာထင်တဲ့ အလုပ်တစ်ခုပါ။ ဆေးကျောင်းတက်ပြီး အလုပ်သင်ဆရာဝန် လုပ်တော့လည်း စာတွေ့ထက်အများကြီးခက်တဲ့ လက်တွေ့ကိုရောက်နေပြီ။ လူနာတွေနဲ့ပြောဆို ဆက်ဆံရတာပဲဖြစ်ဖြစ်၊ လူနာတွေကို ကုသမှုပေးတာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ အများကြီးဂရုစိုက်ရတယ်။ အများကြီး သတိထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူတစ်ခုခုဟာ လူနာအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်ဆိုတော့ ကျွန်မအနေနဲ့ သေချာဂရုစိုက်ပြီးတော့ လူနာတွေကို ပြုစုစောင့်ရှောက်မှုပေးပါတယ်။ ဒီဘက် အနုပညာအလုပ်မှာလည်း နောက်ပိုင်းတော့ အစီအစဉ် တင်ဆက်သူအဖြစ်ပဲ ရပ်တည်သွားဖို့များပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ်နဲ့ ပရိသတ်တွေမြင်တွေ့ရမှာပါ။ ကျွန်မက အလုပ်နဲ့ပတ်သက်လာရင် လောဘကြီးတယ်။ အနုပညာအလုပ်ရော၊ ဆရာဝန်အလုပ်ပါ ဘက်မျှအောင် ကြိုးစားသွားမယ်လို့ စိတ်ကူးရှိပါတယ်။
ဖြည့်စွက်ပြောလိုတာကရော။
အားပေးတဲ့ပရိသတ်တွေကို ပြောလိုတာက ကျွန်မအနေနဲ့ အစီအစဉ်တင်ဆက်သူ တစ်ယောက်အနေနဲ့ ပိုပြီးတော်လာအောင်၊ ကောင်းလာအောင် ကြိုးစားသွားပါ့မယ်။ လိုအပ်တာတွေ၊ အားနည်းတာတွေ၊ ချို့ယွင်းတာတွေရှိခဲ့တယ်ဆိုရင်လည်း ပရိသတ်တွေက ဖေ့စ်ဘွတ်ကနေပဲဖြစ်ဖြစ် အားပေးအကြံပြုပေးနိုင်ပါတယ်။ ကြိုးစားပြီးတော့လည်း ပြုပြင်သွား ပါ့မယ်။ ဆရာဝန်အလုပ်မှာတော့ အလုပ်သင်ဆရာဝန် တစ်ယောက်အနေနဲ့ လူနာတွေကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားပြီးပြုစုပေး နေပါတယ်လို့ပြောချင်ပါတယ်။

No comments:

Post a Comment