Tuesday, November 1, 2016

ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ခိုက်မည့်အကြမ်းဖက်မှုများအား ဆော်ဒီအာရေဗျ တားမြစ်နိုင်



Image may contain: 5 people , outdoor
ရီယတ် အောက်တိုဘာ ၃၁
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ကန်မည့် ပွဲစဉ်တစ်ခုကို ဗုံးဖောက်ခွဲရန် ကြံစည်သည့် အကြမ်းဖက်မှုတစ်ခုနှင့် ရဲအရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်မည့် အကြမ်းဖက်မှုတစ်ခုကို တားမြစ်ဟန့်တားခဲ့ရကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ပြောကြားသည်။
ဆော်ဒီအာရေဗျဘောလုံးအသင်းနှင့် ယူအေအီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်သည့်ပွဲကို ဗုံးဖောက်ခွဲမည်ဟု ယူဆရသည့် ပါကစ္စတန်နိုင်ငံသား နှစ်ဦး၊ ဆီးရီးယားနိုင်ငံသားတစ်ဦးနှင့် ဆူဒန်နိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ဆော်ဒီပြည်ထဲရေး ဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ အဆိုပါဘောလုံးပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ဂျက်ဒါ မြို့၌ ယှဉ်ပြိုင်ကျင်းပခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားလေးဦး က ပရိသတ် ၆ဝဝဝဝ ခန့်ရှိသည့် ဘောလုံးကွင်းအနီးတွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းအလေးချိန် ကီလိုဂရမ် ၄ဝဝ တင်ဆောင်လာသည့် ကားတစ်စီးဖြင့် ဗုံးဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြားသည်။ အကြမ်းဖက်သမားလေးဦးကို ဘောလုံးပြိုင်ပွဲ မကျင်းပမီ တစ်ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။
မြို့တော် ရီယတ်အပါအဝင် မြို့သုံးမြို့ရှိ လုံခြုံရေးအရာရှိများကို သတ်ဖြတ်တိုက်ခိုက်မည်ဟု သံသယရှိသူ ဆော်ဒီကျောင်းသား လေးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။ ဆော်ဒီကျောင်းသား လေးဦးသည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် ခေါင်းဆောင်တစ်ဦးထံမှ ညွှန်ကြားချက်များ လက်ခံရရှိထားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် ဇူလိုင်လအတွင်း မြို့ကြီးသုံးမြို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လုံခြုံရေးတာဝန်ကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment